ရန်ကုန်တိုင်း၊ ကွမ်းခြံကုန်းမြို့က အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) လှုပ်ရှားမှုမှာပါဝင်တဲ့ ဝန်ထမ်းတွေကို မတ်လ ၂ ရက်က စတင်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
CDM လုပ်တဲ့ထဲက လျှပ်စစ်၊ မြေစာရင်း၊ စီးပွားရေးဘဏ်၊ စိုက်ပျိုးရေးဘဏ်၊ စည်ပင်နဲ့ ကျေးလက်ဒေသဖွံဖြိုးတိုးတက်ရေးဦးစီးဌာနက ဝန်ထမ်းစုစုပေါင်း ၇၀ ကို တစ်ဦး ၈၀၀၀၀ ကျပ်စီ ထောက်ပံ့ငွေပေးအပ်ခဲ့တာပါ။
လစာမဝင်ခင် လစာမရ၊ လစာမထုတ်တဲ့ CDM ဝန်ထမ်းတွေကို CRPH ကနေ ဒေသအစုံက ကောက်ခံရရှိတဲ့ အလှူငွေတွေနဲ့ ခွဲဝေထောက်ပံ့ခဲ့တာလို့ မြို့နယ် CDM ထောက်ပံ့ရေးကော်မတီကနေ သိရပါတယ်။
ဒါ့အပြင် CDM လုပ်တဲ့ ဝန်ထမ်း ၂ ဦးရဲ့ မိသားစုဝင် နာရေးအတွက်ကိုလည်း ကူညီထောက်ပံ့မှုတွေ ပြုလုပ်ခဲ့ပါတယ်။
ကွမ်းခြံကုန်းမြို့နယ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး CDM လှုပ်ရှားမှုမှာ ဌာနအသီးသီးက ဝန်ထမ်း ၁၀၀၀ ကျော်ပါဝင်ပြီး ပညာရေးဝန်ထမ်း ၈၀၀ ကျော်နဲ့ ကျန်းမာရေးဝန်ထမ်း ၁၀၀ ကျော်က အများဆုံးပါဝင်တာဖြစ်ပါတယ်။