မကွေးတိုင်း စလင်းမြို့မှာ မတ်လ ၃ ရက် မနက်ပိုင်းက ဖမ်းဆီးခံရတဲ့ ဆန္ဒပြပြည်သူနှစ်ယောက်ကို ပြန်လွှတ်ပေးဖို့ ဆန္ဒပြတောင်းဆိုနေတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့က အကြမ်းဖက် ပစ်ခတ်ဖြိုခွင်းခံတာကြောင့် ၁ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိသွား ပါတယ်။
စလင်းမြို့မှာ ဒီကနေ့မနက်ပိုင်းက စစ်အာဏာရှင်ကျဆုံးရေးအတွက် ဆန္ဒပြနေတဲ့ ချောက် GTI ကျောင်းသား မောင်ခန့်ဝေယံနဲ့ သူ့ရဲ့ ဖခင်တို့ကို ဖမ်းဆီးသွားတာကြောင့် မြို့ခံလူထုနဲ့ လူထုနဲ့ ဆင်ဖြူကျွန်းမြို့ အနီးနားက ကျေးရွာက လူဦးရေသောင်းနဲ့ချီ မြို့မရဲစခန်းရှေ့မှာ ပြန်လွှတ်ပေးဖို့တောင်းဆိုဆန္ဒပြခဲ့ကြတာလို့ မြို့ခံတစ်ဦးက ဒီဗွီဘီကို ပြောပါတယ်။
ဆန္ဒပြတဲ့ပြည်သူတွေကို မျက်ရည်ယိုဗုံး၊ ရာဘာကျည် အပြင် ကျည်အစစ်တွေနဲ့ ပစ်ခတ်ဖြိုခွင်းခဲ့တာကြောင့် ဦးခေါင်းကို ကျည်ထိမှန်ကာ ၁ ဦးသေဆုံးပြီး ၅ ဦးထက်မနည်း ဒဏ်ရာရရှိခဲ့ပါတယ်။
ကျည်အစစ်တွေ ၂၅ ချက်လောက်ပစ်ခတ်တာဖြစ်ပြီးတော့ ဒဏ်ရာရရှိသူ တွေကို ဆေးခန်းမှာကုသပေးထားကာ တစ်ဦးကတော့ အခြေအနေ စိုးရိမ်ရတယ်လို့ ပြောပါတယ်။