Home
မြန်မာသတင်း
သံတွဲအဖမ်းခံရသူ ၄ ဦးကို ထောင်ချုပ်သို့ ပြောင်းရွှေ့
DVB
·
March 3, 2021
155827563_944894876252074_8123152541865061847_n

သံတွဲမြို့မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ငြိမ်းချမ်းစွာဆန္ဒပြခဲ့လို့ အဖမ်းခံခဲ့ရသူ ၄ ယောက်ကို ဒီနေ့ မတ် ၃ ရက်မှာ ရဲအချုပ်ကနေ ထောင်အချုပ်ဆီ ပြောင်းရွှေ့လိုက်ပါတယ်။

သူတို့အတွက် မနက်စာ မုန့်နဲ့ လက်ဖက်ရည်သွားပို့ချိန်မှာ ထောင်ချုပ်ကိုပြောင်းဖို့ အချုပ်ကားပေါ်တင်နေတာကို တွေ့တာလို့ မိသားစုဝင်တယောက်က ပြောပါတယ်။

“အမျိုးသားသုံးယောက်ကို (ကားပေါ်)တင်တယ်။ ပြီးတော့အမျိုးသမီးကို သီးသန့်တင်တယ်။ လက်ထိပ်တွေခတ်ထားတယ်။ အဝတ်အစားထုပ်တွေတော့ပါသွာတယ်။ စားဖို့ပို့ထားတဲ့ ငပိကြော်ဘူးတွေတော့ (မိသားစုဝင်တွေကို)ပြန်ပေးတယ်” လို့ ပြောပါတယ်။

“ကလေးမလေးနဲ့တော့ စကားပြောခွင့်ရလိုက်တယ်။ ညီမလေးဘာမှ မပူနဲ့ အပြင်မှာလည်း အားလုံး လိုက်ကူပေးနေပါတယ်လို့ ပြောလိုက်တယ်။ သူကတော့ ဘာမှ ပြန်မပြောဘူး။ မျက်နှာမကောင်းဘူး။ ကားပေါ်တက်သွားတယ်” လို့ ဆက်ပြောပါတယ်။

သူတို့ ၄ ယောက်ကို မတ် ၁ ရက်က အချုပ်ထုတ်ခွင့်မပေးဘဲ အွန်လိုင်းကတဆင့် သံတွဲမြို့နယ်တရားရုံးမှာ ငြိမ်းစုစီ ပုဒ်မ ၁၉၊ သဘာဝဘေးစီမံခန့်ခွဲမူဥပဒေပုဒ်မ ၂၅ တို့နဲ့ စွဲချက်တင်ခဲ့ပါတယ်။

ရှေ့နေတွေက တရားသူကြီးတွေရဲ့ ဆင်ခြင်တုံတရားနဲ့ အာမခံပေးဖို့ လျှောက်ထားခဲ့ပြီး လာမယ့် ၈ ရက်နေ့မှာတော့ အာမခံကိစ္စ အဆုံးအဖြတ်ပေးမယ်လို့ တရားသူကြီးက ဆိုပါတယ်။

အဖမ်းခံရသူ ၄ ယောက်ကတော့ လူငယ် မိန်းကလေး ၁ ယောက်၊ လူငယ် အမျိုးသား ၂ ယောက်နဲ့ လူကြီး အမျိုးသား ၁ ယောက်ဖြစ်ပါတယ်။ သူတို့ထဲက လူငယ် ၃ ယောက်ကတော့ ဖေဖော်ဝါရီ ၁၆ ရက်နေ့က ဆန္ဒပြနေတုန်း ရဲတွေက လူစုခွဲဖို့ မပြောခင်မှာတင် စတင်ဖမ်းဆီးခံခဲ့ရတာဖြစ်ပါတယ်။

သူတို့ကို လွှတ်ပေးဖို့ ရဲစခန်းနားမှာ လူတွေစုရုံးတောင်းဆိုကြတုန်း မုန့်တွေ၊ ရေတွေ ပေးဝေခဲ့တဲ့ သက်ကြီးပိုင်း အမျိုးသားတယောက်ကိုလည်း ထပ်ပြီး ဖမ်းဆီးခဲ့တာပါ။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024