အကြမ်းဖက်ဖမ်းဆီးခံခဲ့ရတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း လားရှိုး ကချင်နှစ်ခြင်း ဘုရားကျောင်း ဓမ္မ အမှုတော်ဆောင်တွေနဲ့ ကွတ်ခိုင် ဓမ္မတက္ကသိုလ်မှ အွန်လိုင်းကျောင်းသားတွေ မတ်လ ၂ ရက်နေ့ ညနေပိုင်းမှာ ရဲတပ်ဖွဲ့က ပြန်လွှတ်ပေးခဲ့ပါတယ်။
စုစုပေါင်း ဖမ်းဆီးခံထားရသူ ၁၄ ဦး ဖြစ်ပြီး မတ်လ ၁ ရက် နေ့လည် ၁၂ နာရီလောက်မှာ ဆန္ဒပြလူစုထဲကို အရပ်ဝတ်နဲ့ ရဲတွေကို သတင်းပို့နေတဲ့ စကားပြောစက်ပါ လူတစ်ယောက် (နယ်ထိန်းဟုသိရ) ကို ဆန္ဒပြလူငယ်တွေဖော်ထုတ် ဝိုင်းဖမ်းပြီး နီးစပ်ရာ ကချင်နှစ်ခြင်း အောက်ဘုရားကျောင်းဝင်းထဲ ခေါ်ဆောင်သွားခဲ့တာပါ။
ဒီနောက် ရဲတွေက ဘုရားကျောင်းအပေါ် ကျောင်းဝင်း တံခါးတွေရိုက်ချိုးပြီး ဘုရားကျောင်းထဲ မျက်ရည်ယို ဗုံးတွေပစ်ထည့် သေနတ်တွေ ဖောက်ပြီး ဝင်စီးကာ အပေါ် ဘုရားကျောင်းထဲက အွန်လိုင်း ကျမ်းစာသင်ယူနေတဲ့ ကွတ်ခိုင်ကျမ်းစာကျောင်းက ကျောင်းသား လူငယ်တွေ၊ သင်းအုပ်ဆရာတွေကို အကြမ်းဖက်ပါးရိုက်ဆွဲခေါ် ဖမ်းဆီးသွားခဲ့တာဖြစ်ပါတယ်။