ရန်ကုန် တာမွေမြို့နယ် ကျောက်မြောင်းမှာ ဖေဖော်ဝါရီ ၂၅ ရက်ညက ရဲနဲ့စစ်တပ်က အကြမ်းဖက်ဝင်ရောက်စီးနင်းပစ်ခတ်ခဲ့တဲ့ဖြစ်စဉ်မှာ ဖမ်းဆီးခံရသူ အယောက် ၃၀ ထက်မနည်းရှိနိုင်ပြီး တာမွေစခန်းမှာမရှိဘဲ ဘယ်ခေါ်ဆောင်သွားလဲ မသိသေးဘူးလို့ ဖမ်းခံရသူတွေရဲ့ မိသားစုဝင်တွေက ပြောပါတယ်။
အာဏာသိမ်းစစ်ကောင်စီက ခန့်အပ်တဲ့ အုပ်ချုပ်ရေးမှူးသစ်ကို လက်မခံဘဲ ကန့်ကွက်တဲ့ ရပ်ကွက်နေပြည်သူတွေကို ရဲတပ်ဖွဲ့က အင်အားသုံးဝင်ရောက် ဖမ်းဆီးပြီးနောက် ပစ်ခတ်တာတွေလည်း လုပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၂၆ ရက်နေ့ မနက် ၁၀ နာရီကျော်မှာတော့ ဖမ်းခံရသူတွေ အခြေအနေသိဖို့ တာမွေတရာရုံးရှေ့မှာ ရှေ့နေတွေနဲ့ မိသားစုဝင်တွေ စောင့်ဆိုင်းနေတာ တွေ့ရပါတယ်။
ရဲစခန်းက တရားရုံးအချုပ်မှာ ရှိတယ်ဆိုတာကြောင့် တရားရုံးရှေ့မှာ လာရောက် စောင့်ဆိုင်းနေတာဖြစ်ပြီး အင်းစိန်ထောင်မှာ ချုပ်ထားတယ်ဆိုတာလည်း ကြားတာကြောင့် ဆက်လိုက်သွားမယ်လို့ မိသားစုဝင်တစ်ဦးကပြောပါတယ်။
မနေ့ည ၇ နာရီလောက်က ရဲတပ်ဖွဲ့နဲ့ စစ်သားတွေ အောင်မင်္ဂလာလမ်းတွေထဲ ဝင်ရောက်လာကာ ပစ်ခတ်မှုတွေပြုလုပ်ခဲ့ကာ ဖမ်းဆီးမှုတွေလည်းရှိခဲ့သလို အင်းဝလမ်း ထောင့်က လက်ဘက်ရည်ဆိုင်က ၂ ဦးကိုလည်း ဝင်ရောက်ဖမ်းဆီးသွားခဲ့ပါတယ်။
မနေ့ည သန်းခေါင်ကျော် ၁ နာရီကျော်လောက်မှာလည်း ဗညားဒလလမ်းမကြီးပေါ်မှာ ပစ်ခတ်သံတွေကြားခဲ့ရပြီး ၂ နာရီလောက်မှာတော့ စစ်တပ်နဲ့ရဲတွေ ပြန်လည်ထွက်ခွာသွားကြပါတယ်။
ဒီအခြေအနေကြောင့် နီးစပ်ရာမှာ ပုန်းခိုနေရတဲ့သူတချို့ မနက် ၃ နာရီ လောက်မှ သူတို့နေအိမ်တွေကို ပြန်ရောက်တာတွေရှိကြောင်း ကျောက်မြောင်းကြီးရပ်ကွက်နေ ပြည်သူတစ်ဦးက ပြောပါတယ်။