ရှမ်းပြည်နယ်မြောက်ပိုင်း၊ သိန်းနီမြို့မှာ စစ်အာဏာရှင် ပြုတ်ကျရေး ဆန္ဒပြဦးဆောင်သူတွေကို ဖိအားပေးခြိမ်းခြောက်မှုတွေ ရှိနေပေမယ့် ဒီကနေ့ ၂ ငါးလုံးအထွေထွေသပိတ်မှာ မြို့ခံလူထူတွေက ငြိမ်းချမ်းစွာ စီးတန်းလှည့်လည် ဆန္ဒပြခဲ့ကြပါတယ်။
"ကျနော်နဲ့ ဦးဆောင်သူတွေကို တပ်မတော်က နာမည်တွေယူပြီး ဖိအားပေး ခြိမ်းခြောက်တာတွေရှိတယ်။ မိသားစုဝင်တွေကိုပါ ဖိအားပေးတယ်။ ကျနော်တို့က စစ်အာဏာ ရှင်စနစ်ကို မကြိုက်လို့ ဆန္ဒပြသလို စစ်အာဏာရှင်ပြုတ်ကျဖို့က CDM အောင်မြင်ဖို့ လိုတယ်။ ကျန်ရှိတဲ့ ဝန်ထမ်းတွေလည်း ပူးပေါင်းပေးစေချင်တယ် "လို့ ဆန္ဒထုတ်ဖော်ပွဲကို ဦးဆောင်တဲ့ ကိုစိုင်းတေဇာက ပြောပါတယ်။
ဆန္ဒပြလူထုအင်အား ၄၀၀ ကျော်နဲ့ ကျောက်တိုင် (ပန်းခြံ)ကနေ ပြည်ထောင်စုလမ်းမကြီးအတိုင်း ကြာကန်အထိ၊ ကြွေးကြော်သံတွေနဲ့အတူ ဆန္ဒပြတောင်းဆိုခဲ့ကြတာဖြစ်ပါတယ်။
ဆန္ဒပြပွဲမှာ မြို့ပေါ်ရပ်ကွက်တွေနဲ့ မြို့နယ်အနီး ကျေးရွာက ဒေသခံပြည်သူတွေ၊ အရပ်ဖက်အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းတွေနဲ့ စစ်အာဏာဏရှင်စနစ်ကို မလိုလားတဲ့သူတွေ ပူးပေါင်း ပါဝင်ခဲ့ကြပါတယ်။