ဒီမိုကရေစီအရေး လှုပ်ရှားမှုတွေမှာ တက်ကြွစွာ ပါဝင်လှုပ်ရှားနေတဲ့ လူငယ်သရုပ် ဆောင်ဒေါင်းက လတ်တလော မြန်မာနိုင်ငံမှာ ကြုံတွေ့ရင်ဆိုင်နေရတဲ့ အခြေအနေတွေ နဲ့ ထင်ဟပ်စေတဲ့ နွေဦးတော်လှန်ရေးကဗျာတပုဒ်ကို မျှဝေထားခဲ့ပါတယ်။
ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်က နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်၊ နိုင်ငံတော် အ တိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ အစိုးရခေါင်းဆောင်တွေကို စစ်တပ်က ဖမ်း ဆီး အာဏာသိမ်းယူလိုက်ပြီး နောက်တနေ့မှာပဲ အာဏာဖီဆန်ရေးလှုပ်ရှားမှုကို ဆေး လောကသားတွေကစတင်ခဲ့တာဖြစ်ပြီး လက်ရှိမှာတော့ နိုင်ငံတဝန်းမြို့တွေမှာ ဌာန ပေါင်းစုံ ပြည်သူ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ၊ ပြည်သူတွေကပါ ပူးပေါင်းပါဝင် လှုပ်ရှား နေကြတာ ဖြစ်ပါတယ်။
လက်ရှိအချိန်ထိ မြန်မာနိုင်ငံ မြို့နယ်ပေါင်း ၂၈၅ မြို့နယ်မှာ အစိုးရဝန်ထမ်းပေါင်း ၁၈,၀၀၀ ကျော်က အာဏာဖီဆန်ရေးလှုပ်ရှားမှု (Civil Disobedience Movement) မှာ ပါဝင်နေကြပြီး လမ်းပေါ်ထွက် ဆန္ဒပြသူတွေကို လုံခြုံရေးဝန်ထမ်းတွေက အကြမ်းဖက် ဖြိုခွင်းတာတွေကြောင့် သေဆုံးရတာတွေလည်း ရှိနေပါတယ်။
ဖေဖော်ဝါရီ ၉ ရက်နေ့က နေပြည်တော်သပြေကုန်းအဝိုင်းအနီးမှာ စစ်အာဏာ သိမ်းတာကို ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့က အကြမ်းဖက်ဖြိုခွင်းပစ်ခတ်မှုကြောင့် အမျိုးသမီးငယ်တဦး ဦးခေါင်း ကျည်ထိမှန် ကျဆုံး သွားခဲ့ပါတယ်။
သေနတ်ကျည်ဆန် ဦးခေါင်းထဲမှာ ဝင်နေပြီး အသက်ရှူစက်နဲ့ အသက်ရှိနေခဲ့ရတဲ့ အသက် ၂၁ နှစ်အရွယ် မမြသွဲ့သွဲ့ခိုင်ဟာ ဖေဖော်ဝါရီ ၁၉ ရက်နေ့ မနက် ၁၁ နာရီ ၁၅ မိနစ်မှာ ကွယ်လွန်သွားခဲ့တာဖြစ်ပါတယ်။
ဖေဖော်ဝါရီလ ၂၀ ရက်နေ့မှာတော့ မန္တလေးမြို့၊ ရတနာပုံ သင်္ဘောကျင်းအနီးမှာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေကို ရဲတပ်ဖွဲ့နဲ့ စစ်တပ်က ပစ်ခတ်တာ ကြောင့် ၂ ဦး ထပ်မံကျဆုံးသွားခဲ့ပါတယ်။
ငါတို့ဟာငြိမ်းချမ်းခြင်း
လူလိုသိနေတဲ့အသိတရားမှာ
ချစ်ခြင်းမေတ္တာ
စာနာမှုတရားဟာ
ကပ်ပါလာတယ်
ဒါဟာလူသား
ငြိမ်းချမ်းခြင်းနဲ့
အကြမ်းဖက်ခြင်းဟာ
ကျောချင်းကပ်ဆိုပေမယ့်
မိုးနဲ့မြေလို
သိက္ခာကွာတယ်
ငါတို့ဟာငြိမ်းချမ်းခြင်း
ခေါင်းကနေဖောက်ထွက်ခဲ့သမျှ
ကျည်ဆံတိုင်းဟာ
ငါတို့နှလုံးသားမှာလာစိုက်နေတယ်
တရားသောနည်းနဲ့
ဆွဲနုတ်ယူပြမယ်
သေနတ်ချိန်ထားတဲ့
လက်တွေဟာ
ယုတ်မာမှုတွေနဲ့
သွေးတွေညစ်ထေးလို့
ဘယ်လောက်ဆေးဆေး
နှလုံးသားမှာစွန်းနေတာ
ဘယ်တော့မှမပြောင်ဘူး
လူ့ပြည်ငရဲအိုးထဲ
ချိုးကပ်လိုက်အုံးပေါ့
အနာဂါတ်တွေကို
ချောက်ထဲကဆယ်ယူဖို့
တစ်ဦး၊တစ်ယောက်
လက်တစ်စုံနဲ့မကယ်နိုင်
တို့တွေအပြိုင်ဆွဲရမယ်
သွေးတွေရွှဲလို့
လဲနေသူတွေအတွက်
မိခင်ဝမ်းမှထွက်လာသူတွေအတွက်
လမ်းမပျောက်ဖို့
လမ်းပေါ်ထွက်လို့ဟစ်အော်သူတွေအတွက်
ရဲဘော်ရဲဘက်တစ်ယောက်ချင်းစီအတွက်
တို့တွေအားလုံး
လက်တွေမြဲရမယ်
ဒေါင်း