မန္တလေးတိုင်း သာစည်မြို့နယ် ဟံဇားတိုက်နယ်ဆေးရုံက တပ်ကျန်းမာရေးအဖွဲ့တွေ ပြန်လည်ထွက်ခွာသွားဖို့ ဖေဖော်ဝါရီ ၂၀ ရက်နေ့ ညနေပိုင်းက ၄ ရက်မြောက် ဆန္ဒပြခဲ့ကြပါတယ်။
ဖေဖော်ဝါရီလဆန်းပိုင်းကစပြီး ဟံဇားတိုက်နယ်ဆေးရုံက အရပ်ဘက်ကျန်းမာရေးဝန်ထမ်းတွေ CDM လုပ်ခဲ့တာကြောင့် ဖေဖော်ဝါရီ ၁၆ ရက်နေ့ညနေမှာ တပ်ကျန်းမာရေးအဖွဲ့တွေ ရောက်ရှိလာခဲ့ပါတယ်။
ဟံဇားကျေးရွာက ပြည်သူ ၆၀၀ ကျော်၊ ၈၀၀ ကျော်လောက်က ဖေဖော်ဝါရီ ၁၇ ရက်နေ့ကစပြီး နေ့စဉ် တိုက်နယ်ဆေးရုံနဲ့ ကျေးရွာအတွင်းက လမ်းတွေမှာ လှည့်လည်ဆန္ဒပြခဲ့ကြတာပါ။
ဆန္ဒပြအမျိုးသမီးတစ်ဦးက "ဟံဇားတိုက်နယ်ဆေးရုံက ဆရာဝန်ကြီးက CDMလုပ်ပြီး ဆေးရုံပိတ်ထားတာပါ။ ဟံဇားရွာက လူတချို့က စစ်တပ်ခေါ်လာတယ်၊ သော့တွေရိုက်ချိုးပြီး ဆေးရုံဖွင့်တာ မကျေနပ်လို့ ဆန္ဒပြတာ လေးရက်ရှိပါပြီ"လို့ ပြောပါတယ်။
"CDM လုပ်ထားတဲ့ဆေးရုံ ပြန်ဖွင့်တာ အလိုမရှိ၊ အရေးတော်ပုံ အောင်ရမည်၊ ဖမ်းဆီးထားတဲ့ခေါင်းဆောင်များ ချက်ချင်းလွှတ် စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြတာပါ။
သတင်း၊ဓာတ်ပုံ - မောင်မောင်လင်း