ကရင်ပြည်နယ် ဘားအံမြို့မှာ ဖေဖော်ဝါရီ ၂၀ ရက် မနက် ၉ နာရီက စစ်အာဏာရှင် ဆန့်ကျင်တဲ့ သိန်းချီတဲ့ ဆန္ဒပြ သပိတ်စစ်ကြောင်းကို လာရောက်ပူးပေါင်းသူတွေ ပိုမိုများပြား လာတယ်လို့ သိရပါတယ်။
တိုင်းရင်းသားပေါင်းစုံနဲ့ ကျောင်းသားလူငယ်တွေပါဝင်တဲ့ သပိတ်စစ်ကြောင်းကို ဘားအံ မြို့နယ်အတွင်း ကျေးရွာတွေက လာရောက်ပူးပေါင်းပါဝင်သူ ပိုမိုများပြားလာတဲ့အတွက် ဆန္ဒပြ တောင်းဆိုမှုတွေဟာ အရှိန်မြင့်လာတာပါ။
"စစ်အာဏာရှင်စနစ်ကို ဘယ်သူမှ မကြိုက်ဘူး။ စစ်အာဏာရှင်ကြောင့် နှစ်ပေါင်းများစွာ ဒုက္ခရောက်ခဲ့ရတာကို ဘယ်သူမှ ပြန်မလိုချင်ဘူး။ အနာဂတ် နောင်လာနောင်သားတွေကို ဒီစနစ်ဆိုးမျိုး မခံစားစေချင်တော့ဘူး။ ဖမ်းချင်သလောက်ဖမ်း။ တောင်းဆိုတာကိုတော့ ရပ်သွားမှာမဟုတ်ဘူး " လို့ ဆန္ဒထုတ်ဖော်ပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့သူတစ်ဦးက ဆိုပါတယ်။
ဆန္ဒပြသပိတ်စစ်ကြောင်းက နာရီစင်စုရပ်ကနေ စတင်ထွက်ခွာပြီး အထက ၁ ကျောင်းလမ်းမှ ကန်သာယာ(ကြာအင်းလမ်း)လမ်း၊ ရွှေကြက်ဖမီးပွိုင့်မှ ကမ်းနားလမ်းအတိုင်း နာရီစင်စုရပ်ကို ပြန်လည်ဝင်ရောက်ကာ ဆန္ဒပြသပိတ်စစ်ကြောင်းကို မွန်းတည့် ၁၂ နာရီမှာ ရပ်နားခဲ့ပါတယ်။
သပိတ်စစ်ကြောင်းချီတက်ရာ လမ်းကြောင်းတလျှောက် ဆိုင်ကယ်တွေ၊ ကားတွေဟာ ဆန္ဒပြ သပိတ်စစ်ကြောင်းကို လိုက်ပါဝန်းရံပေးခဲ့ပြီး ချီတက်ရာလမ်းကြောင်းတလျောက် ပြည်သူတွေက ကြိုဆိုအားပေးခဲ့သလို ရေသန့်၊ အချိုရည်၊ သစ်သီးနဲ့ စားသောက်စရာတွေ လှူဒါန်းကြတာတွေ ရှိပါတယ်။
စစ်အာဏာရှင် အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ်၊ ဖမ်းဆီးခံ ခေါင်းဆောင်များ ချက်ချင်းလွတ်၊ CDM အောင်မြင်ဖို့ ဝန်ထမ်းအားလုံး ပူပေါင်းပေး စတဲ့ ကြွေးကြော်သံတွေနဲ့ စီးတန်းလှည့်လည်ပြီး ငြိမ်းချမ်းစွာဆန္ဒပြ တောင်းဆိုခဲ့ကြပါတယ်။
ရဲမင်းခေါင်