စစ်အာဏာသိမ်းကောင်စီရဲ့ ဘာသာရေးကို အသုံးချရန်တိုက်တဲ့ အခြေအနေကို ပြည်သူတွေက သတိထားပြီး အကြမ်းမဖက်တဲ့နည်းလမ်းနဲ့သာ တုံ့ပြန်ဖို့ ဘာသာရေးခေါင်းဆောင်တချို့က တိုက်တွန်းပါတယ်။
ဖေဖော်ဝါရီ ၁၈ ရက်နေ့က ဗဟန်းမြို့နယ်၊ ကြားတောရလမ်းအနီးမှာ သင်္ကန်းဝတ်တချို့နဲ့ သပိတ်မှောက်ပြည်သူတွေ အချင်းများခဲ့တာပါ။
ဒီဖြစ်ရပ်ဟာ ဗုဒ္ဓဘာသာဝင်တွေအတွက် ဂုဏ်သိက္ခာညှိုးနွမ်းစရာဖြစ်ပြီး စစ်တပ် ထောက်ခံသူတွေနဲ့ သပိတ်မှောက်ပြည်သူတွေအကြား အာဏာသိမ်းတဲ့ပြဿနာကနေ ဘာသာရေး လူမျိုးရေး အသွင်ဆောင်တဲ့ပြဿနာတွေပါ ထပ်ဖြစ်လာနိုင်တဲ့အတွက် ပြည်သူတွေ သတိထားကြဖို့ ရွှေဝါရောင်အရေး တော်ပုံ ဦးဆောင်ဆရာတော်တပါးက မိန့်ပါတယ်။
ပြဿနာတွေကို အကြမ်းမဖက်တဲ့နည်းလမ်းတွေနဲ့ပဲ ဖြေရှင်းကြဖို့လည်း ရွှေဝါရောင်အရေးတော်ပုံဦးဆောင်ဆရာတော်ဦးစန္ဒာသီရိက တိုက်တွန်းပါတယ်။
စစ်အာဏာသိမ်းပြဿနာ၊ ဗဟန်းကြားတောရလမ်းက ပြဿနာတွေကြောင့် ဘာသာခြား၊ လူများခြားပြည်သူတွေဆီမှာလည်း စိုးရိမ်ပူပန်တာတွေရှိနေပြီး မိသားစုလုံခြုံရေး၊ စီးပွားရေးအလုပ်အကိုင် အခွင့်အလမ်းတွေအတွက် အာမခံချက်မရှိဖြစ်နေကြတာပါ။
ဒီအခြေအနေတွေအတွက် စိုးရိမ်မလွန်ကဲကြဘဲ ပြဿနာကို အကြမ်းမဖက်တဲ့နည်းလမ်းနဲ့ တည်တည်ငြိမ်ငြိမ်ရင်ဆိုင်ကြဖို့ ဘာသာပေါင်းစုံစုပေါင်းထားတဲ့ ငြိမ်းချမ်းမေတ္တာ အဖွဲ့က ပြောပါတယ်။
နိုင်ငံနေပြည်သူအများစုက အမှန်တရားဘက်ကပဲ ရပ်တည်ကြပြီး ဝိုင်းဝန်း အကာအကွယ်ပေးမယ်ဆိုတာ ယုံကြည်တယ်လို့ငြိမ်းချမ်းမေတ္တာအဖွဲ့မှ ဟာဂျီဦးအေးလွင်က ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြဿနာမဖြစ်ခင်ကတည်းက ဘာသာရေး၊ လူမျိုးရေး အငြင်းပွားမှုတွေ၊ မတည်ငြိမ်မှုတွေရှိနေပြီး တိုင်းရင်းသားလူမျိုးတွေကြားထဲမှာလည်း သွေးကွဲပြီး မညီမညွတ်ဖြစ်အောင် လှုံ့ဆော်ဖန်တီးမှုတွေရှိခဲ့ပါတယ်။
ဒီအခြေအနေမှာ ဘာသာရေး၊ လူမျိူးရေးပြဿနာကို မကြီးထွားအောင် အားလုံးက ညီ ညွတ်ကြဖို့ လိုတယ်လို့ ဘာသာရေးခေါင်းဆောင်တွေက မေတ္တာရပ်ခံထားပါတယ်။
ဇေယျာချမ်းအေး