ပဲခူးတိုင်း၊ ပြည်မြို့မှာ ဖမ်းဆီးခံရတဲ့ ပြည်နည်းပညာတက္ကသိုလ်ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌ ဟောင်း ကိုသန့်ဇင်ထွန်းကို ပြန်လွှတ်ပေးဖို့ ပြည်သူလူထုက ရဲစခန်းမှာ ဝိုင်းဝန်းတောင်းဆိုခဲ့ကြပေမဲ့ ပြန်လွှတ်မပေးဘဲ သဘာဝဘေးစီမံခန့်ခွဲမှု ဥပဒေနဲ့ အရေးယူလိုက်ပါတယ်။
စစ်တပ်က အာဏာသိမ်းလိုက်တဲ့ရက်ကစပြီး ပြည်မြို့နေရာစုံမှာ နေ့စဉ်နီးပါးဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့တဲ့ ကိုသန့်ဇင်ထွန်းကို ဖေဖေါ်ဝါရီ ၁၈ ရက်နေ့က လက်ဖက်ရည်ဆိုင်ထိုင်နေစဉ်မှာ ပြည်မြို့နယ်ရဲတပ်ဖွဲ့မှူးဦးဆောင်တဲ့အဖွဲ့က ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။
အဲ့ဒီလို ဖမ်းဆီးလိုက်တာကြောင့် ရာနဲ့ချီတဲ့ ဒေသခံပြည်သူတွေက ဖေဖော်ဝါရီ ၁၈ ရက်ညမှာ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့ မှာ ပြန်လွှတ်ပေးဖို့ကိုတောင်းဆိုနေကြတာပါ။
အဖမ်းခံရသူ ကိုသန့်ဇင်ထွန်းရဲ့ ဖခင်က “သူ့ကို ပြန်လွှတ်ပေးဖို့ကို ကမ်းနားလမ်း ခရိုင်ရဲရုံးရှေ့မှာ လူရာချီပြီးတောင်းဆိုနေတာကြောင့် တာဝန်ရှိသူတွေက ညှိနှိုင်းဖို့အတွက် သူ့ ဆရာနဲ့ နိုင်ငံရေးတက်ကြွရှေ့နေတွေကို ရဲရုံးထဲကိုဝင်ခွင့်ပြုလိုက်ပါတယ်။ သူတို့ ပြန်ထွက်လာတဲ့ အခါမှာတော့ ကိုသန့်ဇင်ထွန်းပါမလာပဲ သူ့ကို ဥသျှစ်ပင် တပ်မ(၆)စစ်တပ်ထဲမှာ လတ်တလော ဖမ်းချုပ်ထားတယ်လို့ လူထုကိုရှင်းပြပါတယ်။
ကိုမင်းမင်း (သံလွင်ခက်)က “ကိုသန့်ဇင်ထွန်းကို သဘာဝဘေးဥပဒေ ပုဒ်မ ၂၅ နဲ့ အရေးယူ ထားပြီး ဘယ်မှာ ဖမ်းထားတယ်ဆိုတာတော့ မသိရပါဘူး။ ဒါပေမဲ့ လွတ်လပ်တဲ့ တရားစီရင်ခွင့်၊ ရှေ့နေငှားခွင့်တွေကိုတော့ ဥပဒေအတိုင်းဆောင်ရွက်ခွင့်ပေးမယ်” လို့ ပြည်ခရိုင်ရဲတပ်ဖွဲ့မှူးရုံးကနေ သိရပါတယ်။
သူ့ကိုလွှတ်ပေးဖို့အတွက် ပြည်မြို့ကတက္ကသိုလ် ၃ ခုက သမဂ္ဂအဖွဲ့ဝင်တွေ၊ ပရဟိတ အဖွဲ့တွေ၊ ဒေသခံပြည်သူတွေက ခရိုင်ရဲတပ်ဖွဲ့မှူးရုံးရှေ့နဲ့ မြို့လယ်ခေါင်တပ်စွဲထားတဲ့ နေရာတွေမှာ ရာနဲ့ချီပြီးနာရီပေါင်းများစွာ တောင်းဆိုခဲ့ကြပြီး မနေ့ည ည၈ နာရီ အချိန်မှာ လူစုခွဲသွားကြပါတယ်။
မင်းညို