ကချင်ပြည်နယ် မိုးမောက်မြို့မှာ စစ်အာဏာရှင်အလိုမရှိကြောင်း မနေ့က ဆန္ဒပြပွဲမှာ လူငယ်တွေ အနာဂတ်မဲ့နေတဲ့အတွက် CDM မှာ ပူးပေါင်းပါဝင်ပေးကြဖို့ ဆန္ဒပြသူတွေက တောင်းဆိုခဲ့ကြပါတယ်။
မိုးမောက်မြို့နယ်ရှိ ပြည်သူ့ဆေးရုံရှေ့မှာ စုရပ်ပြုလုပ်ကာ စုပေါင်းရုံးမှာ ဆန္ဒထုတ်ဖော်ခဲ့ကြပြီး လျှပ်စစ်ရုံးအထိ လမ်းလျှောက်သပိတ် ပြုလုပ်ခဲ့ကြတယ်လို့ သိရပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ ကချင်ကျောင်းသားလူငယ်တချို့က သုံးဘီးနဲ့ လိုက်ပါကာ စစ်အာဏာရှင်အလိုမရှိကြောင်း ဟောပြောခဲ့ကြတယ်လို့ သိရှိရပါတယ်။
ဆနွထုတ်ဖော်ပွဲမှာ ပါ၀င်ခဲ့တဲ့ ကချင်တိုင်းရင်းသားလူငယ်အချို့က “ကျနော်တို့၊ ကျမတို့ လူငယ်တွေရဲ့ အနာဂတ်တွေမဲ့နေပြီ၊ နိုင်ငံ့၀န်ထမ်းတွေအနေနဲ့ လူငယ်တွေအတွက်၊ ပြည်သူတွေအတွက်ငဲ့ညှာပြီး CDM မှာ ရဲရဲရင့်ရင့် ပါ၀င်ကူညီပေးကြပါလို့ တောင်းဆိုလိုပါတယ်” လို့ပြောပါတယ်။
ဆန္ဒပြပွဲမှာ မိုးမောက်မြို့နယ်ရှိ မသန်စွမ်းလူငယ်တွေ၊ အမျိုးသမီးအခွင့်အရေး တက်ကြွလှုပ်ရှားသူတွေ၊ CSO အဖွဲ့အစည်းတွေ၊ ကချင်တိုင်းရင်းသားလူငယ်တွေ၊ ဒေသခံပြည်သူအင်အား ၃၀၀ ကျော် ပါဝင်ခဲ့ကြတယ်လို့ သိရပါတယ်။
ဇော်လင်းအောင်(ဗန်းမော်)