အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်ခဲ့တာကြောင့် ရာထူးက ယာယီရပ်ဆိုင်းခံခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်က ဝန်ထမ်းနှစ်ဦးကို သပိတ်မှောက်ပြည်သူတွေက ဂုဏ်ပြုဆုတွေ ပေးအပ်ခဲ့ပါတယ်။
ဖေဖော်ဝါရီ ၁၁ ရက်စွဲနဲ့ တာဝန်မှ ဆိုင်းငံ့ခံခဲ့ရတဲ့ အငယ်တန်းစားရေး ဦးဇော်မင်းသိန်း နဲ့ ယဥ်မောင်း ဦးရဲလင်းအောင် တို့ကို သပိတ်မှောက်ပြည်သူတွေက ပထမအကြိမ်အဖြစ် ဂုဏ်ပြုခဲ့တာပါ။
ငွေကျပ်ငါးသောင်း၊ ဆန်တစ်အိတ်ကို တစ်ဦးတည်း အလှူရှင်ရဲ့ လှူဒါန်းမှုနဲ့ ဂုဏ်ပြုပေးအပ်ခဲ့တယ်လို့ သိရပါတယ်။
ဒါ့အပြင် CDM Supporting Group ဖွဲ့စည်းပြီး အခြား CDM ဝန်ထမ်းတွေကိုလည်း ဂုဏ်ပြုပေးအပ်ဖို့ စီစဉ်နေတယ်လို့ ပင်မသပိတ် ဦးဆောင်သူတွေက ပြောပါတယ်။
ချောင်းဦးမြို့နယ်မှာ ကျန်းမာရေး၊ ပညာရေး၊ စက်မှုလယ်ယာ၊ စိုက်ပျိုးရေး၊ မီးသတ်၊ စီးပွားရေးဘဏ်၊ ပေါက်အင်းစိုက်ကွင်း၊ လျှပ်စစ်၊ မြေစာရင်း၊ စတဲ့ဌာနတွေက ဝန်ထမ်းတွေ ပူးပေါင်းပါဝင်လာပါတယ်။
ချောင်းဦးမြို့နယ်မှာ ပြည်သူတွေက ဖေဖော်ဝါရီ ၇ ရက်နေ့ကစတင်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး သပိတ်မှောက်စစ်ကြောင်းကို စတင်ခဲ့ပြီး နေ့စဉ် ချီတက်ဆန္ဒထုတ်ဖော်နေကြတာပါ။
မာန်ဇာမြေမွန် (ချောင်းဦး)