မြန်မာ့မီးရထား ဝန်ထမ်းတွေကို စစ်တပ်က ဖမ်းဆီးထားတယ်ဆိုပြီး ပြန်လွှတ်ပေးဖို့ မန္တလေးမြို့၊ ၇၈လမ်းနဲ့ ၃၂ အေလမ်း ထောင့်ရှိ မီးရထား ဒီဇယ်စက်ခေါင်းရုံ ရှေ့မှာ ဒီကနေ့ ညနေပိုင်းက ပြည်သူလူထုတွေ ဆန္ဒပြတောင်းဆိုနေကြပါတယ်။
မန္တလေး ဘူတာကြီးက ရထားတချို့ကို ခရီးသည် မပါဘဲ ပြေးဆွဲဖို့အတွက် စစ်တပ်က အတင်းအကျပ် ဖိအားပေး လုပ်ဆောင်နေတယ်လို့ သိရပြီး CDMလုပ်ဆောင်နေတဲ့ မီးရထား ဝန်ထမ်း စက်ဗိုလ်၊ နည်းပြတချို့ အပါအဝင် လေးဦးကို သေနတ်နဲ့ ထောက်ကာ ဖမ်းဆီးခဲ့တယ်လို့ မီးရထားဝန်ထမ်းတွေက ပြောပါတယ်။
ဖမ်းဆီးခံရသူတွေအထဲက တစ်ဦးကတော့ ညနေ ၃ နာရီလောက်မှာ လက်လိမ်ချိုးခံထားရတာကို ရုန်းထွက်ပြီး ထွက်ပြေးလွတ်မြောက်လာတယ်လို့ သိရပါတယ်။
ကျန်တဲ့ ဖမ်းဆီးထားသူတွေကို ပြန်လွှတ်ပေးဖို့ မီးရထားဝန်ထမ်းတွေနဲ့ ပြည်သူလူထုက ထိုင်သပိတ်ပြုလုပ်ကာ တောင်းဆိုနေကြတာလည်း ဖြစ်ပါတယ်။
ဒါ့အပြင် စစ်တပ်နဲ့ ရဲတပ်ဖွဲ့ဝင်တွေက ဝင်ရောက် ဖြိုခွင်းမှုရှိလာပါက ကြိုတင်တားဆီးဖို့ အတွက် ၇၈လမ်း ၃၃လမ်းထောင့်မှာလည်း ဆန္ဒပြသူတွေက လမ်းကို ပိတ်ဆို့ထားပါတယ်။
နိုင်ငံတဝန်းမှာ စစ်အစိုးရကို အာခံဆန့်ကျင်တဲ့ အနေနဲ့ မြန်မာ့မီးရထားဝန်ထမ်းတွေက CDM လှုပ်ရှားမှုမှာ ပါဝင်ဆန္ဒပြနေတာကြောင့် စစ်အစိုးရရဲ့ ရထားသယ်ယူပို့ဆောင်ရေးလုပ်ငန်းတွေ အကြီးအကျယ် ထိခိုက်နေတာဖြစ်ပါတယ်။
ထိန်ထိန်လင်း