ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ပြန်မလွှတ်ပေးသေးပေမဲ့ စစ်တပ်က အတင်းအကြပ် ဖိအားပေးတာ၊ ဆွေးနွေးတာ မရှိသေးဘူးလို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။
ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူ ၉၈ ယောက်ကို စစ်တပ်က ဖေဖော်ဝါရီ ၁၁ ရက်နေ့က ဘုရင့်နောင် တပ်မတော်စစ်ကြောရေးမှာ ထိန်းသိမ်းခဲ့တာပါ။
တိုင်းနဲ့ခရိုင်အဆင့်ကော်မရှင်တာဝန်ရှိသူ ၁၀ ယောက် ၊ ကိုကိုးကျွန်းမပါ ရန်ကုန်တိုင်းအတွင်း ၄၄ မြို့နယ်က မြို့နယ်ဥက္ကဋ္ဌနဲ့ အတွင်းရေးမှူး ၈၈ ယောက်၊ စုစုပေါင်း ၉၈ ယောက်ကို စစ်တပ်က အကျယ်ချုပ် သဘောထိန်းသိမ်းခဲ့တာဖြစ်ပါတယ်။
စတင်ထိန်းသိမ်းတုန်းက ဆွေးနွေးစရာရှိတယ်ဆိုပြီး စစ်တပ်က ကော်မရှင်တာဝန်ရှိသူတွေကို ခေါ်ယူခဲ့တာဖြစ်ပေမယ့် အချိန် ၆ ရက်ကျော်ကြာတဲ့အထိ စစ်တပ်ဘက်က ဖိအားပေးတာ ဆွေးနွေးတာ ဘာမှမရှိသေးဘူးလို့ ကော်မရှင်တာဝန်ရှိသူတွေက ပြောပါတယ်။
ရန်ကုန်အနောက်ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ ဦးခင်မောင်ဝင်း က “ထိန်းသိမ်းခံထားရတဲ့ ရန်ကုန်တိုင်းရွေးကောက်ပွဲကော်မရှင် တာဝန်ရှိသူတွေကို ဘုရင့်နောင် စစ်ကြောရေးဝင်းထဲက တပ်မတော်သား လွှတ်တော်ကိုယ်စားလှယ်တွေကိုထားတဲ့ ရိပ်သာမှာ ထိန်းသိမ်းထားတာဖြစ်ပါတယ်။ ကျန်းမာရေးအတွက် ဆရာဝန်တွေလည်းစီစဉ်ပေးထားတယ်”လို့ ဆိုပါတယ်။
မြန်မာနိုင်ငံတဝန်း၊ တိုင်းနဲ့ပြည်နယ်အသီးသီးက ရွေးကောက်ပွဲကော်မရှင်တာဝန်ရှိသူတွေကို ဖေဖော်ဝါရီ ၁၀ ရက် ညပိုင်းကစပြီး စစ်တပ်က ဖမ်းဆီးထိန်းသိမ်းတာတွေပြုလုပ်ခဲ့ပါတယ်။
စစ်တပ်က နိုင်ငံတော် အာဏာကိုသိမ်းယူတာဟာ ရွေးကောက်ပွဲကော်မရှင်ရဲ့ မဲဆန္ဒရှင်စာရင်းမှားယွင်းတာတွေကြောင့်လို့လည်း အကြောင်းပြထားပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့ အာဏာသိမ်းပြီးနောက် ရက်ပိုင်းအတွင်းမှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အသစ်ကို စစ်အစိုးရက ပြန်လည်ဖွဲ့ စည်းထားပါတယ်။