စစ်ကိုင်းတိုင်း၊ ကသာမြို့မှာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား ကြိုဆိုထောက်ခံပွဲကို ဒီကနေ့ ဖေဖော်ဝါရီ ၁၆ ရက်မနက် ၉ နာရီက ပြုလုပ်ခဲ့ရာ ကသာမြို့မစျေးမှ စျေးသည်တွေက သံပုံးတီးပြီး ကန့်ကွက်ခဲ့ကြပါတယ်။
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အစိုးရအား ကြိုဆိုထောက်ခံပွဲကို ဒီနေ့မနက် ကသာမြို့ ရပ်ကွက် ၄ မီတာ ၂၀၀ ကွင်းမှစတင်ကာ မြို့တွင်း လှည့်လည်ခဲ့တာလို့ သိရပါတယ်။
ကသာဒေသခံတစ်ဦးက “အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ ကြိုဆိုထောက်ခံပွဲ လုပ်တဲ့အချိန်က ကသာမြို့ဒေသခံတွေနေ့စဉ် ပြုလုပ်နေတဲ့ လူထုဆန္ဒထုတ်ဖော်ပွဲနဲ့ အချိန်ကော လမ်းကြောင်းကော တိုက်နေတယ် နှစ်ဖက် ထိပ်တိုက်တွေ့ရင် ပြဿနာဖြစ်မှာ စိုးရိမ်တဲ့အတွက် လူထုက အချိန်ပြောင်းလိုက်ကြတယ်။ လူထုဆန္ဒထုတ်ဖော်မှုကို နေ့လယ် ၂ နာရီ ရွေ့လိုက်ရ တယ်။ အဲ့ဒီလို ရွေ့လိုက်ရတဲ့အတွက် စျေးသည်တွေက သံပုံးတီး ကန့်ကွက်ကြတာဖြစ်တယ်” လို့ပြောပါတယ်။
စစ်အစိုးရ ကြိုဆိုထောက်ခံပွဲလာသူတွေဟာ နယ်ကျေးရွာကတွေက များပြီး မျက်နှာစိမ်းတွေဖြစ်တယ်လို့ မြို့ခံတွေက ပြောပါတယ်။