ကရင်ပြည်နယ်မှာ ဘားအံမြို့မှာ ဒီနေ့မနက် ရဲတပ်ဖွဲ့အလုံးအရင်းပါဝင်တဲ့ မော်တော်ယာဥ်တန်းနဲ့ ကိုဗစ်ရောဂါဖြစ်ပေါ်နေတဲ့အတွက် လူစုလူဝေးမပြုလုပ်ဖို့နဲ့ ညမထွက်ရအမိန့် မလိုက်နာသူတွေကို ဥပဒေအရ အရေးယူသွားမယ်လို့ လိုက်လံသတိပေးနေတယ်လို့ သိရပါတယ်။
ရဲတပ်ဖွဲ့က အခုလို လိုက်လံသတိပေးနေပေမယ့် ဘားအံမြို့မှာ စစ်အာဏာရှင်စနစ်ကို အလိုမရှိကြောင်း အလွှာပေါင်းစုံပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ ၅ ရက်မြောက်နေ့အဖြစ် ဒီနေ့မနက် အင်းအားသိန်းချီ ဆက်လက်ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ သူနာပြုသင်တန်းကျောင်း၊ အင်ဂျင်နီယာလူငယ်အသင်း၊ ပညာရေးဌာန၊ ကျန်းမာရေး၊ လျှပ်စစ်ဌာနဝန်ထမ်းပေါင်းစုံနဲ့ ဘားအံမြို့နယ်အတွင်းက အလုပ်သမား၊ လယ်သမား၊ LGBT စတဲ့အလွှာပေါင်းစုံပါဝင်တဲ့ သပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ မြို့တပတ်လှည့်လည်ပြီး ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
"ကျမတို့နဲ့အတူ CDM မှာပါဝင်ဖို့ စစ်အာဏာရှင် စနစ်လက်အောက်မှာ ကျမတို့က အလုပ်ဆက်မလုပ်နိုင်ဘူး။ စစ်အာဏာရှင်ကို အလိုမရှိတဲ့အကြောင်း ဆန္ဒထုတ်ဖော်ရတာ" လို့ ဆန္ဒပြပွဲမှာပါဝင်တဲ့ သားဖွားသင်တန်းကျောင်း၊ နည်းပြ ဒေါ်သော်တာဝင်းက ပြောပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေ၊ စစ်အာဏာရှင် အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွတ်၊ အထိန်းသိမ်းခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဖမ်းဆီးခံခေါင်းဆောင်တွေ ချက်ချင်းလွတ်စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။