ရခိုင်ပြည်နယ် သံတွဲမြို့မှာ စစ်အာဏာရှင်ကို ဆန့်ကျင် ဆန္ဒပြနေသူနေသူတွေကို ရဲက ဖမ်းဆီးထားတဲ့အတွက် ပြန်လွှတ်ပေးဖို့ ရဲစခန်းရှေ့မှာ ဒီကနေ့ မြို့ခံပြည်သူတွေ စုရုံးတောင်းဆိုနေပါတယ်။
“အခု ရဲစခန်းရှေ့မှာပါ။ လူကတော့ ၂၀၀ လောက်ရှိတယ်။ ဖမ်းခံရသူတွေအတွက် ရှေ့နေခေါ်နေပြီ” လို့ ရဲစခန်းရှေ့ရောက်နေသူတယောက်က ပြောပါတယ်။
သံတွဲမှာ စစ်အာဏာဆန့်ကျင်ရေး ၅ ရက်မြောက် ဆန္ဒပြတာမှာ ဌာနဆိုင်ရာဝန်ထမ်းတချို့နဲ့ လူထောင်ချီပါဝင်ပြီး လမ်းတလျှောက်မှာ ရဲနဲ့စစ်တပ်က တားဆီးနေခဲ့တာလို့ ဆန္ဒပြရာမှာ ပါဝင်သူတွေက ပြောပါတယ်။
“ဘုရင့်နောင်လမ်းမှာ ကားတွေနဲ့ပိတ်ပြီး တားတယ်။ အခု ဆန္ဒပြသူတွေဟာ ဥပဒေနဲ့ မညီဘူးဆိုပြီး မိုက်တွေနဲ့အော်တယ်။ ဒါကြောင့် သူတို့ကို ရှောင်ပြီး ရတနာလမ်း၊ မဟာမြိုင်လမ်း၊ တာဝတိံသာလမ်းကနေ ငကျော်တောင်ဘက်ကိုသွားတယ်။ အဲဒီကနေ စံပယ်လမ်းဘက်ကိုလာနေတုန်း လမ်းထဲမှာ ရဲကားနဲ့ဝင်တိုက်ပြီး လူတွေကို ဖမ်းတယ်။ အဲဒီမှာ ၃ ယောက်လောက်ဖမ်းခံရတယ်။ ဂျီတီအိုင်ကျောင်းသားတွေလို့ သိရပါတယ်” လို့ ပါဝင်သူတယောက်က ပြောပါတယ်။
ဒါပေမဲ့ ဆန္ဒပြသူတွေဟာ အနော်ရထာလမ်းအတိုင်း မြို့ထဲဘက်ကို ဆက်လာနေတုန်း မာဃလမ်းထောင့်မှာ ရဲနဲ့ စစ်သားတွေက ပိတ်ပြီး ဆိုင်းဘုတ်တွေကို လုယူသလို မိန်းကလေးတယောက်ကို ကားနဲ့ ဝင်တိုက်ဖို့လုပ်လို့ ဝင်တားသူတယောက်ကိုလည်း ဖမ်းဆီးသွားပါတယ်။