ဖမ်းဆီးခံထားရတဲ့ မဲဇလီကုန်းမြို့ဆေးရုံဆရာဝန်ကို ပြန်လွှတ်ပေးဖို့ ဒေသခံ အင်အား ၂၀၀၀ ကျော် အင်္ဂပူမြို့မစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးနားမှာ ဆန္ဒပြ တောင်းဆိုနေကြပါတယ်။
မနေ့က ဆန္ဒပြတောင်းဆိုခဲ့တဲ့ မြို့မစခန်းနဲ့ အထွေထွေအုပ်ချုပ်ရေးဦးစီဌာနရုံးရှေ့မှာ လုံခြံရေးရဲတွေက အတားအဆီးတွေချပြီး ပိတ်ထားတာကြောင့် ရုံးအနားဝန်းကျင်းမှာ ဆန္ဒပြနေကြတာလို့ ဆန္ဒပြရာမှာ ပါဝင်သူတဦးက ပြောပါတယ်။
မဲဇလီကုန်းမြို့ဆေးရုံဆရာဝန်ကို ပြန်လွှတ်ပေးဖို့ ဒီနေ့ ဆန္ဒပြတောင်းဆိုပွဲမှာ ပြည်သူတွေနဲ့ ဒေသတွင်းက ဆရာဝန်တွေနဲ့ ကျန်းမာရေး ဝန်ထမ်းတွေ၊ ပရဟိတ လူမှုရေးအသင်းအဖွဲ့တွေ လည်း ပါဝင်လာခဲ့ကြတယ်လို့ သိရပါတယ်။
ဧရာဝတီတိုင်း မဲဇလီကုန်းမြို့ဆေးရုံဆရာဝန်ကို ဖေဖော်ဝါရီ ၁၁ ရက်နေ့ နေ့လယ်ပိုင်းက အရပ်ဝတ်နဲ့ မည်သူမည်ဝါမှန်းမသိတဲ့သူတွေက ဖမ်းဆီးခေါ်ဆောင်သွားတာပါ။
ဖမ်းဆီးသွားတဲ့ဆရာဝန်ကို ပြန်လွှတ်ပေးဖို့နဲ့ ဘာကြောင့် ခေါ်ဆောင်တယ်ဆိုတာ ပြောပေးဖို့ ဒေသခံတွေက မနေ့ကလည်း တောင်းဆိုခဲ့ကြပါတယ်။
လက်ရှိမှာတော့ ဆရာဝန်ကို အင်္ဂပူမြို့နယ် တပ်မတော်တန်းမြှင့် လေ့ကျင့်ရေးကျောင်းမှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။
ဒါ့အပြင် အင်္ဂပူမြို့နယ်တွင်းက ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ CDM မှာ ပါဝခဲ့တာကြောင့် မြို့နယ်အာဏာပိုင်တွေက ဖိအားပေးအလုပ်ထွက်ခိုင်းခဲ့ပါတယ်။
အာဏာရှင်ကျဆုံးရေး ဆန္ဒပြမူတွင်ပါတဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးတဦးကတော့ “ကျနော့်ကို ဖုန်းဆက်ပြီး ဆက်လုပ်နေရင် အရေးယူရမယ်။ ခုကစပြီး ဆန္ဒပြမှုမှာ မပါဝင်ဖို့ ပြောတယ်။ ဆက်ပြီး တာဝန်ယူမှာလား၊ မယူဘူးလား မေးတယ်။ ကျနော်တယောက်ကတော့ ဆက်တာဝန်မယူဘူး ထွက်တယ်ဆိုပြီး ပြောလိုက်တယ်” လို့ ပြောပါတယ်။
အင်္ဂပူမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ရပ်ကျေးစာရေးအချို့နဲ့ ရပ်ကျေးအုပ်ချုပ်ရေးမှူးအချို့ဟာ အာဏရှင်ကျဆုံးရေး CDM လှုပ်ရှားမှုမှာ ဖေဖော်ဝါရီ ၁၁ နေ့က စတင်ပါဝင်ခဲ့ကြတာပါ။
သန်းထိုက်မြင့်