ကရင်ပြည်နယ်၊ ဘားအံမြို့မှာ စစ်အာဏာရှင်စနစ် အလိုမရှိကြောင်း စတုတ္ထနေ့ ဆန္ဒထုတ်ဖော်ပွဲကို ဒီနေ့မနက် ၈ နာရီခွဲက အင်းအားသိန်းချီ ပြုလုပ်ခဲ့ကြပါတယ်။
ဆန္ဒထုတ်ဖော်ပွဲမှာ ဒေသခံပြည်သူတွေနဲ့အတူ ဌာနဆိုင်ရာတွေ၊ ကရင်၊ ပအိုဝ့်၊ မွန်လူငယ်တွေ၊ ကျောင်းသားကျောင်းသူတွေ၊ LGBT တွေ၊ အရပ်ဘက်အဖွဲ့အစည်းတွေ၊ လူမှုကူညီရေးအသင်းတွေ ပူးပေါင်းပြီး ဗိုလ်ချုပ်လမ်းအတိုင်း ငြိမ်းချမ်းစွာ စီတန်းလှည့်လည် ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်ခဲ့တဲ့ မမိုးက "စစ်အာဏာရှင်စနစ်ကို မကြိုက်လို့ ဆန္ဒထုတ်ဖော်တာ။ ၈၈ တုန်းကလည်း ဆန္ဒပြခဲ့ဖူး၀တယ်။ စစ်အာဏာရှင်စနစ်ကြောင့် ပြည်သူတွေ နာလန်မထူနိုင်အောင် ဆင်းရဲမွဲတေခဲ့ရပြီးပြီ။ အခုလည်း သက်ဆိုးမရှည်အောင် ဆန့်ကျင်သွားမယ်" လို့ ပြောပါတယ်။
ဆန္ဒထုတ်ဖော်ရာမှာ ဒီမိုကရေစီရရှိရေး၊ စစ်အာဏာရှင် အလိုမရှိ၊ အမေစုနဲ့ သမ္မတကြီး ချက်ချင်းလွှတ်၊ အထိန်းသိမ်းခံ ခေါင်းဆောင်များ ချက်ချင်းလွှတ်၊ ဗိုလ်ချုပ်ပေးတဲ့စစ်ပညာ ပြည်သူတွေကို သတ်ဖို့ မဟုတ်ဘူး၊ ရုံးမတက်နဲ့ ရုန်းထွက်၊ ဖမ်းဆီးခံ ကျောင်းအုပ်ကြီး ချက်ချင်းလွှတ် စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။
ဆန္ဒထုတ်ဖော်ပွဲကို ဘားအံမြို့ခံတွေက ရေသန့်၊ အအေး၊ စားစရာတွေ လှူဒါန်းတာတွေလည်းရှိသလို ပရဟိတအသင်းတွေက ကျန်းမာရေးစောင့်ရှောက်မှုတွေကို လိုက်ပါဆောင်ရွက်ပေးခဲ့ပါတယ်။