DVB
စစ်အာဏာရှင်အလိုမရှိကြောင်း ကချင်ပြည်နယ်အတွင်းက ပူတာအိုမြို့ လူထုဆန္ဒဖော်ထုတ်ပွဲမှာ ခေါင်းဆောင်အဖြစ် စွပ်စွဲခံရပြီး သဘာ၀၊ ဘေးစီ ပုဒ်မနဲ့ အမှုဖွင့်ခံရသူ ၉ ဦးထိရှိလာတယ်လို့ ပူတာအိုဒေသခံ လူငယ်တစ်ဦးက ပြောပါတယ်။
စစ်အာဏာရှင်အလိုမရှိကြောင်း ပူတာအိုမြို့ ဆန္ဒဖော်ထုတ်ပွဲမှာ ပူတာအိုဒေသခံပြည်သူတွေနဲ့ တက်ကြွလူငယေတွေ၊ CDM ပါ၀င်သောပြည်သူ့၀န်ထမ်းတွေ ပူးပေါင်းပြီး စစ်အာဏာရှင်အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်ရာမှာ ဒေသအာဏာပိုင်တွေက တစ်ဦးပြီးတစ်ဦး ခေါင်းဆောင်ဆိုပြီး အမှုဖွင့်ခဲ့တာလို့ အမှုဖွင့်ခံရတဲ့ လူငယ်တစ်ဦးက ပြောပါတယ်။
"ကျနော်တို့က ငြိမ်းချမ်းစွာပဲ စစ်အာဏာရှင် အလိုမရှိကြောင်း ဆန္ဒဖော်ထုတ်နေကြတာပါ။ အာဏာပိုင်တွေက ဘယ်အချက်ကို ကြည့်ပြီး ခေါင်းဆောင်ပြောနေကြတာလဲမသိဘူး။ ခုဆို ၉ ဦးထိ အမှုဖွင့်ခံရတဲ့အပေါ် ပူတာအိုဒေသခံပြည်သူတွေကလည်း အရမ်းစိုးရိမ်နေကြတယ်" လို့ အမှုဖွင့်ခံရသူက ပြောပါတယ်။
ဆန္ဒပြတဲ့နေရာမှာ ပါ၀င်တဲ့လူငယ်များကို ခေါင်းဆောင်တွေအဖြစ် သတ်မှတ်ပြီး အမှုဖွင့်ခံရပေမဲ့ တတိယနေ့ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲမှာလည်း ဆန္ဒပြသူ အင်းအားတိုးလာကြောင်း သိရပါတယ်။
ဖေနောင်းအောင် (ပူတာအို)