စစ်အာဏာသိမ်းမှုကို နိုင်ငံတဝန်း ငြိမ်းချမ်းစွာ ဆန့်ကျင်ကန့်ကွက် ဆန္ဒပြနေကြသည့် ပြည်သူလူထုတွေကို ဆူပူဆန္ဒပြသူများဟု စစ်အစိုးရ မီဒီယာတွေမှာ သုံးနှုန်းဖော်ပြလိုက်ပါတယ်။
ဖေဖော်ဝါရီ ၁ ရက်နေ့က နိုင်ငံတာ် သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အစိုးရထိပ်ပိုင်းခေါင်းဆောင်တွေကို ဖမ်းဆီးပြီး တပ်မတော်က အာဏာသိမ်းယူခဲ့တဲ့ အပေါ် မြန်မာနိုင်ငံ တဝန်း မြို့ပေါင်း ၁၀၀ ကျော်မှာ သန်းနဲ့ချီတဲ့ ရဟန်းရှင်လူ ပြည်သူ လူထုတွေ၊ ကျောင်းသူကျောင်းသားတွေ၊ နိုင်ငံဝန်ထမ်းတွေ၊ စေတနာ့ဝန်ထမ်းတွေ၊ အနုပညာရှင်တွေ အပါအဝင် လူထု လူတန်းစားအလွှာအသီးသီးက ဆန့်ကျင် ကန့်ကွက် ဆန္ဒပြနေကြတာဖြစ်ပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြတဲ့ ပြည်သူတွေကို ရဲလုံခြုံရေးတပ်ဖွဲ့တွေက နေပြည်တော် နဲ့ မြဝတီမြို့တို့မှာ ပစ်ခတ်လူစုခွဲခဲ့လို့ ထိခိုက်ဒဏ်ရာရသူတွေ အများအပြားရှိခဲ့တာဖြစ်ပါတယ်။ မနေ့က မန္တလေးမြို့မှာလည်း ဆန္ဒပြတဲ့ပြည်သူလူထုကို ဖမ်းဆီးတာတွေရှိခဲ့သလို ရဲလုံခြုံရေး တပ်ဖွဲ့က ရေအမြောက်တွေအသုံးပြု အင်အားသုံး လူစုခွဲခဲ့တာလည်းရှိခဲ့ပါတယ်။
ဒီဖြစ်စဉ်နဲ့ ပတ်သက်ပြီး စစ်အစိုးရ မီဒီယာတွေဖြစ်တဲ့ မြဝတီ၊ MRTV ရုပ်မြင်သံကြားမှာ ထုတ်လွှင့်ခဲ့သလို ဒီကနေ့ထုတ် မြန်မာ့အလင်းနဲ့ ကြေးမုံသတင်းစာတွေမှာလည်း “ ဆူပူဆန္ဒပြသူများ၏ အကြမ်းဖက်တိုက်ခိုက်မှုကြောင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ တပ်ဖွဲ့ဝင် ၄ ဦး ထိခိုက်ဒဏ်ရာအသီးသီးရရှိခဲ့ပြီး လုံခြုံရေးယာဉ်များ ထိခိုက်ပျက်စီးခဲ့ကြောင်း၊” ဖော်ပြထားပါတယ်။ စစ်အစိုးရက ရန်ကုန်၊ မန္တလေးနဲ့ နေပြည်တော်အပါအဝင် မြန်မာနိုင်ငံအနှံ့ တိုင်းဒေသကြီးနဲ့ ပြည်နယ် ၁၀ ခုရှိ မြို့နယ်တွေမှာ ပုဒ်မ ၁၄၄ ညမထွက်ရ အမိန့်နဲ့ လူ ၅ ယောက်ထက်ပိုပြီး စုဝေးတာတွေ၊ ဆန္ဒပြတာတွေမလုပ်ဖို့ ထုတ်ပြန်ထားရပါတယ်။