နိုင်ငံ့ဝန်ထမ်းတွေအနေနဲ့ နိုင်ငံတော်ကပေးတဲ့ လစာနဲ့ ခံစားခွင့် ရယူထားပြီး နိုင်ငံရေး ဆောင်ရွက်လို့ မရဘူးလို့ အာဏာသိမ်းစစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောကြားလိုက်ပါတယ်။
အာဏာသိမ်းအစိုးရရဲ့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီနဲ့ တိုင်းနဲ့ ပြည်နယ်အုပ်ချုပ်ရေးကောင်စီ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ သို့မဟုတ် ဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့တွေနဲ့ ဒီကနေ့ နေပြည်တော်မှာ ညှိနှိုင်းအစည်းအစည်းအဝေးကျင်းပရာမှာ ပြောဆိုခဲ့တာပါ။
“နိုင်ငံ့ဝန်ထမ်းများအနေဖြင့် ပါတီနိုင်ငံရေးကင်းရှင်းရန် လိုအပ်ကြောင်း၊ နိုင်ငံတော်မှပေးသည့် လစာနှင့်ခံစားခွင့်များကို ရယူထားပြီး နိုင်ငံရေးဆောင်ရွက်၍ မရပါကြောင်း၊ မိမိတို့ နိုင်ငံထက် ဒီမိုကရေစီ ပိုမိုရင့်ကျက်သည့် နိုင်ငံများတွင်လည်း ဒီမိုကရေစီ နိုင်ငံရေးယဉ်ကျေးမှုအရ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်ခြင်းမရှိသည်ကို တွေ့ရှိရကြောင်း၊ မိမိတို့ နှစ်သက် သည့် ပါတီများကို လွတ်လပ်စွာမဲပေးနိုင်သော်လည်း လုပ်ငန်းတာဝန်ထမ်းဆောင် နေသည့် အချိန်တွင် နိုင်ငံရေးပါဝင်ဆောင်ရွက်၍ မရကြောင်း၊” ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောပါတယ်။
ဒါ့အပြင် နိုင်ငံ့ဝန်ထမ်းတွေ တာဝန်ထမ်းဆောင်မှုအပေါ် နည်းလမ်းအမျိုးမျိုးနဲ့ ခြိမ်းခြောက်လာမှုတွေကို ဖော်ထုတ်အရေးယူရမယ်လို့လည်း ပြောပါတယ်။
စစ်တပ်အာဏာသိမ်းတာကို ဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ မြန်မာနိုင်ငံတဝန်းမှာ ပြည်သူလူထုတွေက ဆန္ဒပြပွဲတွေ နေရာအနှံ့ ပြည်လုံးကျွတ်ပြုလုပ်နေကြပြီး ကျန်းမာရေးဝန်ထမ်းတွေ၊ ဆရာဆရာမတွေနဲ့ ရှေ့နေတွေ၊ မီးရထားဝန်ထမ်းတွေ၊ အစိုးရဌာနဆိုင်ရာ ဝန်ထမ်းတွေလည်း အာဏာဖီဆန်ရေးလှုပ်ရှားမှာ ပူးပေါင်းပါဝင်နေကြပါတယ်။
Photo-DSINFO