အန်အယ်လ်ဒီ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင် ကရင်ပြည်နယ်ဝန်ကြီးချုပ် ဒေါ်နန်းခင်ထွေးမြင့်ကို ဒီကနေ့ ဖေဖော်ဝါရီ ၈ ရက် မွန်းလွဲ ၂ နာရီလောက်မှာ စစ်အစိုးရက ထပ်မံ ဖမ်းဆီးထိန်းသိမ်းလိုက်တယ်လို့ အန်အယ်လ်ဒီဗဟိုပြန်ကြားရေးအဖွဲ့ဝင် ဦးကြည်တိုးထံက သိရပါတယ်။
သူ အဖမ်းမခံရခင် နာရီပိုင်းအလိုမှာ ဒေါ်နန်းခင်ထွေးမြင့်က ဗီဒီယိုရုပ်သံနဲ့ မှာကြားချက်တစ်ခု မှတ်တမ်းတင်ထားခဲ့ရာမှာ တပ်မတော်သားတွေအနေနဲ့ ပြည်သူတွေဘက်က ရပ်တည်ပြီး ပြည်သူတွေကို အကာကွယ်ပေးဖို့ ပြောကြားထားပါတယ်။
“မြန်မာ့သားကောင်း စစ်သည်များရှင်၊ ပြည်သူတွေကို ပစ်မထားကြပါနဲ့။ ပြည်သူတွေကို ကာကွယ်ပေးကြပါ၊ ပြည်သူတွေနဲ့ အတူတကွ ရပ်တည်ပြီး နောင်အနာဂတ်မှာ ကျမတို့သမိုင်းမှာ အနာဂတ်ကလေးတွေအတွက် ဝန်းရံပေးကြပါ။ တပ်မတော်သားတွေလည်း ပြည်သူတွေနဲ့အတူ ပူးပေါင်းပါ။ တပ်မတော်သားတွေကို ကျွေးနေတဲ့ထမင်းဟာ ကျမတို့နိုင်ငံပြည်သူတွေရဲ့ အခွန်ဘဏ္ဍာနဲ့ ကျွေးနေတာပါ။ ကိုယ်စားနေတဲ့ထမင်းက ဘယ်သူ့ပိုက်ဆံနဲ့လဲဆိုတော့ ပြည်သူ့ပိုက်ဆံနဲ့ စားနေတာပါ။ တပ်မတော်သားတွေ ပြည်သူတွေကို ဝန်းရံကြပါ။ ပြည်သူဘက်က ရပ်တည်ပါ။ ပြည်သူ့ဘက်က ရပ်တည်ပေးပြီး ကိုယ့်ကိုညွှန်ကြားနေတဲ့သူတွေကို မျက်နှာချင်းဆိုင်ပေးပါ။ မေတ္တာရပ်ခံပါတယ်။ တပ်မတော်သားတွေ ညီကြပါ၊ လက်နက်ကိုင်ထားတဲ့အဖွဲ့တွေ ညီကြပါ။ ကျမတို့ ငြိမ်းချမ်ရေးအဖွဲ့တွေလည်း ညီကြပါလို့ မေတ္တာရပ်ခံချင်ပါတယ်။”
ဖေဖော်ဝါရီ ၁ ရက်နေ့မှာ တပ်မတော်က နိုင်ငံတော်အာဏာကို သိမ်းယူပြီး သမ္မတနဲ့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ်တို့ အပါအဝင် အစိုးရအဖွဲ့ ထိပ်တန်းတာဝန်ရှိသူတွေကို စစ်တပ်က ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
နောက်တစ်နေ့ ဖေဖော်ဝါရီ ၂ ရက်နေ့မှာတော့ ဒေါ်နန်းခင်ထွေးမြင့် အပါအဝင် ပြည်နယ်နဲ့တိုင်း ဝန်ကြီးချုပ် တချို့ကို ပြန်လွှတ်ပေးပြီး နေအိမ်အကျယ်ချုပ် ဆက်ချထားခဲ့ပါတယ်။ ဒီကနေ့မှာတော့ ဝန်ကြီးချုပ်တွေကို စစ်အစိုးရက နောက်ထပ်တစ်ကြိမ် ထပ်မံဖမ်းဆီးထိန်းသိမ်းခဲ့တာ ဖြစ်ပါတယ်။