စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှု (Civil Disobedience Movement CDM)မှာ ရန်ကုန် ကြည့်မြင်တိုင်မြို့နယ်နဲ့ ဧရာဝတီတိုင်း မြန်အောင်မြို့နယ်က ပြည်သူ့ကျန်းမာရေး ဝန်ထမ်းတွေလည်း ပူးပေါင်း ပါဝင်လာပါတယ်။
အာဏာသိမ်းစစ်အစိုးရကိုဆန့်ကျင်ကန့်ကွက်တဲ့အနေနဲ့ ပြုလုပ်တဲ့ အဆိုပါလှုပ်ရှားမှုမှာ ကုသရေးဘက်က ဆေးရုံတွေ ဆရာဝန်တွေပဲ အရင်ရက်တွေက ပါဝင်လာနေရာကနေ အခုတော့ ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေလည်း ပါဝင်လာတာပါ။
ကြည့်မြင်တိုင်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဝန်ထမ်းတွေအနေနဲ့ အာဏာသိမ်း စစ်အစိုးရ လက်အောက်မှာ အလုပ်တာဝန်တွေ ဆက်မလုပ်ဘဲ မိမိတို့ရဲ့ ဆန္ဒကို ငြိမ်ငြိမ်းချမ်းချမ်း ထုတ်ဖော်ပြသသွားမှာဖြစ်ပြီး CDM မှာ ဒီနေ့ စတင်ပါဝင်တယ်လို့ ဆိုပါတယ်။
မြန်အောင်ပြည်သူ့ကျန်းမာရေးဝန်ထမ်းတွေကလည်း စစ်တပ်က လက်နက်နဲ့ မတရားအာဏာသိမ်းတာကို လုံးဝရှုတ်ချပြီး ကန့်ကွက်တယ်လို့ ဆိုပါတယ်။
ပြီးတော့ ဒါကို ပြည်သူတွေက နားလည်ပေးနိုင်လိမ့်မယ်လို့ ယုံကြည်ပြီး ပူးပေါင်းပါဝင်ကြဖို့လည်း သူတို့က တိုက်တွန်းပါတယ်။