( ၁ ဖေဖော်ဝါရီ ၂၀၂၁)
မြန်မာနိုင်ငံမှာစစ်တပ်က အာဏာသိမ်းတာ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့ အခြား အစိုးရအရာရှိများကို ဖမ်းဆီးထိန်းသိမ်းတာ၊ အရေးပေါ်အခြေအနေကြေညာတာတွေဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအ သွင်ကူးပြောင်းရေးနဲ့ တရားဥပဒေစိုးမိုးရေးတို့ကို တိုက်ရိုက်တိုက်ခိုက်လိုက်တာပဲဖြစ်ပါတယ်။
ဒီမိုကရေစီနိုင်ငံတစ်ခုမှာ စစ်တပ်အနေနဲ့ ပြည်သူတွေရဲ့ စိတ်ဆန္ဒကို ကျော်လွန်ပယ်ချဖို့ ကြိုးပမ်းတာမျိုး၊ ဒါမှမဟုတ် ပြည်သူလူထု ယုံကြည်လက်ခံထားတဲ့ရွေးကောက်ပွဲတစ်ခုရဲ့ရလဒ်ကို ပယ်ဖျက်ဖို့ ကြိုးစားတာမျိုးကို မလုပ်သင့် မလုပ်အပ်ပါဘူး။
ဆယ်နှစ်နီးပါးကြာအောင် မြန်မာပြည်သူလူထုဟာ ရွေးကောက်ပွဲတွေ၊ အရပ်သားအစိုးရတွေ၊ အာဏာကို ငြိမ်းချမ်းစွာလွှဲပြောင်းမှုတွေ အခြေခိုင်ခိုင်ဖြစ်တည်လာဖို့အတွက် မှန်မှန်ကြီး ကြိုးပမ်းလုပ်ဆောင်နေခဲ့ပါတယ်။ ဒီလို တိုးတက်မှုတွေကို လေးစားသင့်ပါတယ်။
အတင်းရယူထားတဲ့ နိုင်ငံတော်အာဏာကို ချက်ချင်းပြန်စွန့်လွှတ်ဖို့၊ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ အစိုးရအဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးဖို့၊ ဆက်သွယ်ရေးဆိုင်ရာ ကန့်သတ်ချုပ်ချယ်မှုတွေအားလုံးကို ပြန်ဖြေလျှော့ပေးဖို့၊ အရပ်သားတွေအပေါ်အကြမ်းဖက်တာမျိုး ရှောင်ရှားဖို့ မြန်မာစစ်တပ်ကို ဖိအားပေးတဲ့နေရာမှာ နိုင်ငံတကာအသိုင်းအဝိုင်းအနေနဲ့ တစ်သွေးတစ်သံတည်း ဖြစ်နေအောင် စည်းလုံးသင့်ပါတယ်။
အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီလိုခက်ခဲတဲ့အချိန်မျိုးမှာ မြန်မာပြည်သူလူထုဘက်က ရပ်တည်တဲ့သူတွေကို အထူးအာရုံပြုနေပါတယ်။ မြန်မာနိုင်ငံအတွင်းမှာ ဒီမိုကရေစီစနစ်နဲ့ တရားဥပဒေစိုးမိုးရေး ပြန်လည်ရရှိလာအောင်လုပ်ဆောင်ရာမှာ အားပေးထောက်ခံဖို့အတွက် အာရှဒေသနဲ့ ကမ္ဘာတစ်ဝန်းက ကျွန်ုပ်တို့ရဲ့ မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါမယ်။
ထိုနည်းတူပဲ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ဖျက်လို ဖျက်ဆီးလုပ်တဲ့သူတွေကို သူတို့လုပ်ရပ်အတွက် ကင်းလွတ်ခွင့်မပေးဘဲ တာဝန်ယူစေဖို့လည်း မိတ်ဖက်နိုင်ငံတွေနဲ့ ပူးပေါင်းလုပ်ဆောင်ပါမယ်။
ဒီမိုကရေစီစနစ်ဆီကို ဦးတည်တဲ့တိုးတက်မှုတွေအတွက် မြန်မာနိုင်ငံကို လွန်ခဲ့တဲ့ ဆယ်စုနှစ်အတွင်းမှာ အမေရိကန်ပြည်ထောင်စုက ကန့်သတ်ပိတ်ပင်မှုတွေ ပယ်ဖျက်ပေးခဲ့ပါတယ်။
အဲဒီတိုးတက်မှုကို နောက်ပြန်ဆုတ်အောင်လုပ်လိုက်တဲ့ ဒီအာဏာသိမ်းမှုကြောင့် အမေရိကန်ပြည်ထောင်စုအနေနဲ့ ကန့်သတ်ပိတ်ပင်မှုဆိုင်ရာ ဥပဒေများနဲ့ အခွင့်အာဏာများကို ချက်ချင်းပြန်လည်သုံးသပ်ရတော့မှာ ဖြစ်တယ်။ သုံးသပ်ပြီးနောက်မှာ သင့်လျော်တဲ့ အရေးယူမှုတွေကို လုပ်ဆောင်ရပါလိမ့်မယ်။
ဒီမိုကရေစီစနစ် အတိုက်ခိုက်ခံရတဲ့ ဘယ်နေရာမှာမဆို အမေရိကန်ပြည်ထောင်စုအနေနဲ့ ဒီမိုကရေစီဘက်က ခိုင်ခိုင်မာမာရပ်တည်မှာ ဖြစ်ပါတယ်။