စိုးရိမ်ပူပန်ပြီး ရွှေအရောင်းအဝယ်လုပ်သူတွေကို တတ်နိုင်သလောက်ဖျောင်းဖျကာ ထိန်းထိန်းသိမ်းသိမ်း အရောင်းအဝယ်လုပ်ကြဖို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းငန်းရှင်အသင်းက ဆုံးဖြတ်လိုက်ပါတယ်။
ဒီမနက်က လုပ်တဲ့ ရွှေစျေးနှုန်းတည်ငြိမ်ရေး အရေးပေါ်အစည်းအဝေးကနေ ဆုံးဖြတ်လိုက်တာပါ။
ငွေကြေးကောလာဟလတွေကို လက်မခံကြဖို့၊ စိုးရိမ်ပူပန်ပြီး အရောင်းအဝယ်လုပ်နေသူတွေကို တတ်အားသရွေ့ဝိုင်းဝန်းဖျောင်းဖျပြီး ထိန်းထိန်းသိမ်းသိမ်းအရောင်းအဝယ်လုပ်ကြဖို့၊ လက်ငင်းအရောင်းအဝယ်လုပ်ကြဖို့၊ ကိုဗစ်ကာကွယ်ရေး စည်းကမ်းတွေလိုက်နာပြီး အရောင်းအဝယ်လုပ်ကြဖို့ ဆုံးဖြတ်လိုက်ပါတယ်။
ဒီနေ့ နေ့လယ် ၂ နာရီလောက်မှာတော့ အခေါက်ရွှေ ၁ ကျပ်သားကို ကျပ် ၁၃ သိန်း ၈ သောင်းဝန်းကျင်ရှိပြီး မနေ့ကတော့ ကျပ် ၅၀၀၀ တန်၊ ၁၀၀၀၀ တန် ကောလာဟလတွေကြောင့် ရွှေဈေးဟာ ကျပ် ၁၄ သိန်းအထိ တက်ခဲ့တာပါ။
လက်ရှိ ဈေးကွက်ထဲမှာလည်း လက်ဝတ်ရတနာအထည်တွေထက် ရွှေအတုံးအခဲရောင်းရတာက ပိုများတယ်လို့ မြန်မာနိုင်ငံရွှေလုပ်ရှင်များအသင်း တာဝန်ရှိသူက ပြောပါတယ်။
ဒေါ်လာဈေးတက်တာကြောင့် ဗဟိုဘဏ်အနေနဲ့လည်း ငွေကြေးဈေးကွက်တည်ငြိမ်ဖို့ ထိန်းထားပြီး ဒေါ်လာဈေးတည်ငြိမ်သွားရင်တော့ ရွှေဈေးလည်း ပြန်ကျသွားနိုင်တယ်လို့ ပြောပါတယ်။
ဒေါ်လာဈေးလည်း မြင့်တက်နေဦးမယ်ဆိုရင် ရွှေဈေးလည်း အခုလိုပဲ မြင့်နေမှာဖြစ်ပြီး ဒေါ်လာငွေလဲနှုန်းပေါ်မှာ မူတည်တယ်လို့ ပြောပါတယ်။