ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ ဖားကန်မြို့နယ် ဖားကန့်-လုံးခင်းရတနာနယ်မြေကို ဝင်ရောက်မဲ့ခရီးသွားတွေကို ဒေသတွင်းမှတ်ပုံတင်ကိုင်ဆောင်ထားသူတွေကိုသာ ဝင်ခွင့်ပြုနေတယ်လို့ ဖားကန်မြို့နယ် အုပ်ချုပ်ရေးရုံးက သိရပါတယ်။
ဖားကန့်-လုံးခင်း ရတနာနယ်မြေကို ဝင်ရောက်လာသူတွေဟာ ဒေသတွင်းမှတ်ပုံတင်ဖြစ်တဲ့ ကိုင်ဆောင်ထားသူတွေနဲ့ ဖားကန့်မြို့နယ်မှာ တာဝန်ထမ်းဆောင်နေတဲ့ အစိုးရဝန်ထမ်းတွေ၊ ကျန်းမာရေးကိစ္စကြောင့် အရေးပေါ်ခရီးသွားရသူတွေ၊ ဖားကန့်မြို့နယ်မှာ အမှန်တကယ်နေထိုင်ကြောင်း ရပ်ကွက်ကျေးရွာအုပ်ချုပ်ရေးမှူးတွေရဲ့ ထောက်ခံချက် ရရှိသူတွေကိုပဲ ဝင်ရောက်ခွင့်ပြုနေတယ်လို့ အုပ်ချုပ်ရေးရုံးက သိရပါတယ်။
"ဒေသတွင်း ၁/မှတ်ပုံတင်ကိုင်ဆောင်ထားသူ၊ အစိုးရဝန်ထမ်းနဲ့ အရေးပေါ်ကျန်းမာရေးကိစ္စနဲ့ သွားလာတဲ့သူတွေ၊ ဒီမှာ အမှန်တကယ်နေထိုင်ပြောင်း သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့တွေက ထောက်ခံသူတွေကိုပဲ ခွင့်ပြုထားတယ်" လို့ ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးရုံး တာဝန်ရှိသူက ပြောပါတယ်။
ဖားကန့်-လုံးခင်း ရတနာနယ်မြေ ဝင်ရောက်လာသူတွေကို ကာမိုင်းမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်မှာ စိစစ်ပြီး ဝင်ရောက်ခွင့်ပြုနေတယ်လို့လည်း ဆိုပါတယ်။
"ကာမိုင်းဂိတ်မှာကတည်းက ဒေသတွင်း မှတ်ပုံတင် ကိုင်ဆောင်ထားတာ ဟုတ်/မဟုတ် နဲ့ သတ်မှတ်ထားတဲ့ ထုတ်ပြန်ချက် ကိုက်ညီမှုရှိ/မရှိ စိစစ်ပြီးမှ ခွင့်ပြုနေတာပါ" လို့ တာဝန်ရှိသူက ပြောပါတယ်။
ဖားကန့်-လုံးခင်း ရတနာနယ်မြေဝင်ရောက်လာမှုကို ဖေဖော်ဝါရီ ၁ နေ့ကစပြီး ကန့်သတ်ခဲ့တာ ဖြစ်ပါတယ်။
ဖားကန့်-မြစ်ကြီးနား ကားလမ်းကို ကာမိုင်းမြို့အဝင် စုပေါင်းစစ်ဆေးရေးဂိတ်က စတင်ပြီး အတက်အဆင်းကားတွေကို တပ်မတော်က တားဆီးထားပြီးမှ အချိန်နဲ့အတက်အဆင်း လုပ်ခွင့်ပေးခဲ့တာဖြစ်ပါတယ်။
ဖားကန့်-လုံးခင်း ရတနာနယ်မြေဝင်ရောက်မှုတွေကို ကန့်သတ်ခဲ့ပေမဲ့ ဖားကန့်မြို့နယ်ကနေ ထွက်ခွာမယ်ဆိုရင်တော့ ဘာအထောက်အထားမှမလိုဘဲ ဆင်းခွင့်ပြုထားတယ်လို့ သိရပါတယ်။
ဇော်မိုးထက် (ဖားကန့် )