ဖေဖော်ဝါရီ ၅ ရက်နေ့မှာ ပြည်သူတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမယ့် အစီအစဉ် အပြောင်းအလဲမရှိဘဲ ထိုးပေးမယ်လို့ တိုးချဲ့ကာကွယ်ဆေးထိုးလုပ်ငန်း စီမံချက်က ညွှန်ကြားရေးမှူး ဒေါက်တာထားထားလင်းက ပြောပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်ပြီးတဲ့နောက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးနဲ့ ဒုတိယဝန်ကြီးနေရာတွေ အပြောင်းအလဲတွေ ရှိခဲ့တာပါ။
ဒေါက်တာထားထားလင်းက “ကာကွယ်ဆေးထိုးမယ့်အစီအစဉ်ကတော့ မပြောင်းလဲပါဘူး။ အရင်စီစဉ်ထားတဲ့အတိုင်းပဲ ကာကွယ်ဆေး ထိုးနှံနိုင်အောင် ဆက်ပြီးအလုပ်လုပ်နေပါတယ်။ တနိုင်ငံလုံးအတိုင်းအတာနဲ့တော့ ကာကွယ်ဆေးမရှိသေးတဲ့အတွက် ဦးစားပေးအစီအစဉ်ဆိုပြီး ချထားတာပေါ့နော်။ အဲဒါနဲ့ပတ်သက်လို့ စာရင်းတွေကို တရက်၊ နှစ်ရက်အတွင်း စာရင်းထုတ်ပြန်နိုင်အောင် ဗဟိုမှာ လူဦးရေစာရင်းတွေ လုပ်နေပါတယ်” လို့ပြောပါတယ်။
ဖေဖော်ဝါရီ ၅ ရက်နေ့မှာ တိုင်းနဲ့ပြည်နယ် အစိုးရအဖွဲ့တွေ၊ တိုင်းလွှတ်တော် ကိုယ်စားလှယ်တွေနဲ့ အသက် ၆၅ နှစ်အထက် ပြည်သူတွေကို ကာကွယ်ဆေးထိုးဖို့ စီစဉ်ထားထာပါ။
လတ်တလောမှာ ကာကွယ်ဆေးထိုးမယ့် လူဦးရေစာရင်းလုပ်နေပြီး အဲဒီလူဦးရေစာရင်းအတိုင်းပဲ ထိုးပေးမယ်လို့လည်း ဒေါက်တာထားထားလင်းက ပြောကြားထားပါတယ်။