၂၀၂၀ ရွေးကောက်ပွဲရလဒ်ကိုပဲ အကောင်အထည်ဖော်သွားဖို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ဆရာ၊ ဆရာမများ အဖွဲ့ချုပ်က ဖေဖော်ဝါရီ ၁ ရက်နေ့မှာ ကြေညာချက်ထုတ်ပြန် တောင်းဆိုပါတယ်။
နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် သမ္မတဦးဝင်းမြင့်နဲ့ ပြည်ထောင်စု ဝန်ကြီးတွေ၊ ပြည်နယ်နဲ့ တိုင်းဝန်ကြီးချုပ်တွေနဲ့ ဝန်ကြီးတွေ၊ နိုင်ငံရေးလောကက သြဇာရှိခေါင်းဆောင်တွေ၊ ကျောင်းသား ခေါင်းဆောင်တွေကို ဖမ်းဆီးထားတာဟာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီတည်ဆောက်ရေးသမိုင်းမှာ အင်မတန် အရုပ်ဆိုး အကျည်းတန်တဲ့ သမိုင်းအမည်းစက် စွန်းထင်းခဲ့ပြီလို့ ဆိုပါတယ်။
အခုလို ဖမ်းဆီးတာကို အဖွဲ့ချုပ်အနေနဲ့ ပြင်းပြင်းထန်ထန် ကန့်ကွက်ရှုတ်ချပြီး ဒီလုပ်ရပ်ကြောင့် ဒီမိုကရေစီလမ်းကြောင်းကို ချီတက်နေတာ သွေဖည်သွားစေနိုင်တဲ့အပြင် ဖွံ့ဖြိုးတိုးတက်ရေးကိုလည်း နှောင့်နှေးစေနိုင်တယ်လို့ ဆိုပါတယ်။