Home
မြန်မာသတင်း
တပ်မတော်ထောက်ခံပွဲ ဒေသခံတိုင်းရင်းသားများ၏ သဘောဆန္ဒမပါဟု ရှင်းလင်း
DVB
·
January 21, 2021
AYE THAR YAR
ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်၊ အေးသာယာမြို့မှာ မနက်ဖန် ဇန်နဝါရီ ၂၂ ရက် မွန်းလွဲပိုင်းမှာ ပြုလုပ်ဖို့စီစဉ်ထားတဲ့ တပ်မတော်ထောက်ခံကြိုဆိုပွဲဟာ ဒေသခံတိုင်းရင်းသားတွေရဲ့ သဘောဆန္ဒ မပါဘူးလို့ ဒေသခံတွေက မီဒီယာတွေကို ကြိုတင်ရှင်းလင်းပြောကြားလိုက်ပါတယ်။ အေးသာယာမှာနေထိုင်တဲ့ ဒေသခံတိုင်းရင်းသားတွေဖြစ်တဲ့ ပအိုဝ်း၊ ထနော့၊ ချင်းနဲ့ ဒေသခံလူထုတွေက မနက်ဖန် အေးသာယာမှာပြုလုပ်မယ့် တပ်မတော် ထောက်ခံပွဲကို မထောက်ခံတဲ့အကြောင်းနဲ့ တိုင်းရင်းသားတွေကို အသုံးချပြီး အလွဲသုံးစားမလုပ်ဖို့လည်း ပြောပါတယ်။ အေးသာယာဒေသခံ ကိုရွှေဝင်း “ ရွာမှာက သူကြီးရဲ့အမိန့်ပေါ့။ သူကြီးက  မသွားတဲ့သူ ဒဏ်ရိုက်ပြီး အဲလိုမျိုးနဲ့ အနိုင်ကျင့်ပြီးသွားခိုင်းတာပေါ့။ အဲဒါကြောင့် ဒီထောက်ခံပွဲကို လုံးဝ အလိုမရှိတာ။ ရင်နာတာပေါ့ တိုင်းရင်းသားတွေက ဘာမှနားမလည်ဘူးလေ။ တိုင်းရင်းသားတွေကို အသုံးချသွားတာဆိုတော့ ဒါမဖြစ်သင့်ဘူးပေါ့ အသုံးချတာပေါ့”လို့ပြောပါတယ်။ နမ့်ဟူးရွာဒေသခံ ခွန်ထွန်းထွန်းလေးကလည်း "အရင်တုန်းကလည်းမီဒီယာတွေပေါ်မှာ ကျနော်တို့ ပအိုဝ်းတိုင်းရင်းသားတွေ ဘယ်သွားသွားပါတယ်။  သူများအသုံးချကြတယ်။ တချို့က သူကြီးအမိန့်လား။ အာဏာရှိသူအမိန့်လား။  အဲလိုရိုးသားတဲ့ ကျနော်တို့ ပအိုဝ်းတိုင်းရင်းသားတွေက သူတို့ဆန္ဒမဟုတ်ဘဲ အမိန့်ကြောင့်သွားရတယ်။ သူတို့နဲ့ သူတို့ထောက်ခံပွဲသွားချင်လို့ မဟုတ်ဘူးဆိုတာ သူများ ကိုသိစေချင်တယ်”။ လို့ပြောပါတယ်။ ဒီထောက်ခံပွဲနဲ့ပတ်သက်ပြီး ဒေသခံ တိုင်းရင်းသားအများစုက ဘာမှမသိတဲ့အကြောင်း နဲ့ ခုအချိန်ဟာ ကိုဗစ်ကပ်ဘေးကာလလည်းဖြစ်တဲ့အတွက် ထောက်ခံပွဲတွေ မလုပ်သင့်ဘူးလို့ ဒေသခံ တိုင်းရင်းသားတွေက ပြောပါတယ်။ အေးသာယာကဒေသခံ ချင်းတိုင်းရင်းသား ဦးတွမ်ပူက  “ ဒီအချိန် ဒီကာလနဲ့ဆိုရင် ဒီထောက်ခံပွဲက မလုပ်သင့်တဲ့အရာတခုလို့ပဲမြင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ ဒါကိုဗစ်ကာလလည်း ဖြစ်တယ်။ တပ်မတော်ဆိုတာကတော့ နိုင်ငံတခုအတွက် လိုအပ်တဲ့ အရာဖြစ်တယ်။ ဒါပေမဲ့ သူတို့ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ ကိုယ်ဘာမှမသိဘူးလေနော်၊ အဲဒါကြောင့်ကျနော်တို့အနေနဲ့တော့ ဒါထောက်ခံတယ်မထောက်ခံဘူးဆိုတာ၊ ဘာရည်ရွယ်ချက်နဲ့ လုပ်တယ်ဆိုတာ ကိုယ်က ဂဃနဏ မသိတဲ့အခါကျတော့ ဒါကတော့ မလုပ်သင့်ဘူးလို့ ပြောတာ။”လို့ ပြောပါတယ်။  အေးသာယာမှာ ထောက်ခံပွဲကို လူအင်အား ၂၉ လောက်နဲ့  မနက်ဖန်ကျင်းပမှာဖြစ်ပြီး ၂၀၂၀ ရွေးကောက်ပွဲမှ မဲသမာမှုတွေကို တပ်မတော်က စိစစ်ဆောင်ရွက်နေတာကို ထောက်ခံကြောင်းနဲ့ နိုင်ငံတော်ဖွဲ့ စည်းပုံအခြေခံဥပဒေက ပေးအပ်ထားတဲ့ တာဝန်တွေကို ပြတ်သားတိကျစွာ ဆောင်ရွက်ပေးဖို့ ဆန္ဒထုတ်ဖော် ဟောပြောတာတွေ  ပြုလုပ်မယ်လို့ သိရပါတယ်။ နိုင်ငံတော်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်နေတဲ့ တပ်မတော်ကို ဒေသခံတိုင်းရင်းသားတွေက ထောက်ခံတယ်ဆိုပြီး စီတန်းလှည့်လည်ဆန္ဒပြသွားတာတွေ လုပ်မယ်လို့လည်း သိရပါတယ်။ သတင်း-ခွန်ရာဇာ
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024