ကျောက်ဆည်မြို့တွင် သူနာပြု ၂ ဦးအပါအဝင် ၁၄ ဦး ကိုဗစ်-၁၉ ကူးစက်ခံရ
DVB
·
January 21, 2021
မန္တလေးတိုင်း၊ ကျောက်ဆည်မြို့မှာ အထွေထွေဆေးရုံကြီးက သူနာပြုဝန်ထမ်း ၂ ယောက် အပါအဝင် စုစုပေါင်း ၁၄ ယောက် ဇန်နဝါရီ ၂၀ ရက်နေ့မှာ ကိုဗစ်-၁၉ ရောဂါ စစ်ဆေး တွေ့ရှိခဲ့ရတယ်လို့ ကျောက်ဆည်အထွေထွေဆေးရုံအုပ်ကြီး ဦးဝင်းမော်က ပြောပါတယ်။
လက်ရှိ ဆေးရုံအတွင်း ကိုဗစ်-၁၉ ကူးစက်မှုက ၄ ယောက် အထိရှိလာပြီး ဝန်ထမ်းတွေ ကွာရန်တင်းဝင်နေရတာကြောင့် ဝန်ထမ်းအင်အားအခြေအနေအရ အခုလကုန်အထိ ပုံမှန်ခွဲစိတ်မှုတွေ ရပ်နားကြဖို့ အရေးပေါ်အစည်းအဝေးခေါ်ယူ ဆုံးဖြတ်ခဲ့ရတယ်လို့လည်း ပြောပါတယ်။
ဒါ့အပြင် အိုးဘိုအကျဉ်းထောင်ကိုပို့ဖို့ စီစဉ်ထားတဲ့ အကျဉ်းသား ၂ ယောက်မှာလည်း ကိုဗစ်-၁၉ ရောဂါ စစ်ဆေးတွေ့ရှိခဲ့ပါတယ်။
အကျဉ်းသား ၂ ယောက်ဟာ ကျောက်ဆည်မြို့မရဲစခန်းအချုပ်မဝင်ခင် RDT test နဲ့ စစ်ဆေးရာမှာ negative ဖြစ်ခဲ့ပေမဲ့ မနေ့က အိုးဘိုထောင်ကိုပို့ရာမှာ positive ဖြစ်နေတာကြောင့် ရဲစခန်းက အချုပ်သားတွေနဲ့ ရဲဝန်ထမ်းတွေအားလုံး ပြန်စစ်ဖို့ တိုင်းအစိုးရကို ခွင့်ပြုချက်တင်မယ်လို့ သိရပါတယ်။
ဒါ့အပြင် ကျောက်ဆည်မြို့နယ် ရွှေလေးရွာမှာလည်း တစ်ပတ်အတွင်း ရွာသား ၁၃ ယောက် ကိုဗစ်-၁၉ ပိုးတွေ့တာတာကြောင့် ဇန်နဝါရီ ၂၁ ရက်ကစပီး ရွာကို စည်းကမ်းတင်းကျပ်တဲ့ stay home ပြုလုပ်သွားဖို့ရှိတယ်လို့ ကျောက်ဆည်မြို့နယ် ကိုဗစ်ကော်မတီက သိရပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၂၁ ရက် မနက် ၁ နာရီမထိုးခင်မှာပဲ ကျောက်ဆည် အထွေထွေဆေးရုံကြီးမှာ တက်ရောက်ကုသနေတဲ့ အေးကြည်ကုန်းရွာက အသက် ၈၇ နှစ်အရွယ် ကိုဗစ်လူနာ တစ်ယောက် သေဆုံးသွားတယ်လို့ ကျောက်ဆည်လူမှုကူညီကယ်ဆယ်ရေးအသင်း အသင်းကနေ သိရပါတယ်။
ခုရက်ပိုင်းအတွင်း ကျောက်ဆည်မြို့နယ်မှာ ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြင့်တက်နေပြီး ဇန်နဝါရီ ၂၀ ရက်အထိ ကိုဗစ် တည်ပြုလူနာပေါင်း ၂၆၁ ယောက်အထိရှိနေပြီ ဖြစ်ပါတယ်။
နွေလှိုင်း(YU)