မြန်မာနှင့်လက်တွဲသွားရန် ကတိကဝတ်များ မပြောင်းလဲဟု အမေရိကန် သံအမတ်သစ် ပြော
DVB
·
January 19, 2021
မြန်မာနိုင်ငံနဲ့ လက်တွဲသွားဖို့ ကတိကဝတ်တွေ မပြောင်းလဲဘဲ ရှိနေတယ်လို့ အမေရိကန် သံအမတ်သစ်က ပြောပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံအမတ်ကြီးအဖြစ် တာဝန်ထမ်းဆောင်မယ့် သောမတ်စ်ဗိုက်ဒါဟာ ဒီနေ့ သူ့ရဲ့ သံအမတ်ခန့်အပ်လွှာကို သမ္မတ ဦးဝင်းမြင့်ဆီ ပေးအပ်ခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ မကြာသေးမီနှစ်တွေအတွင်းက အကြီးအကျယ် ပြောင်းလဲခဲ့ပြီးပါပြီ။ ဒါပေမဲ့ ပိုမိုကောင်းမွန်တဲ့ အနာဂတ်တခုအတွက် အတူတကွလက်တွဲဆောင်ရွက်မယ်ဆိုတဲ့ ကျနော်တို့ရဲ့ ကတိကဝတ်ကတော့ မပြောင်းလဲဘဲဆက်လက်ပြီး ရှိနေပါတယ်” လို့ သူက ပြောပါတယ်။
လာမယ့်နှစ်တွေမှာ အမေရိကန်နဲ့ မြန်မာပြည်သူတွေအကြား ရေရှည်တည်တံ့တဲ့ ဆက်ဆံရေးတွေ တည်ဆောက်ဖို့အတွက်လည်း မျှော်လင့်တယ်လို့ ပြောပါတယ်။
သံအမတ်ကြီး ဗိုက်ဒါဟာ သူ့ရဲ့ နေပြည်တော် ခရီးစဉ်မှာ အစိုးရအကြီးတန်း တာဝန်ရှိသူတွေနဲ့ တွေ့ဆုံသွားဦးမယ်လို့ အမေရိကန် သံရုံးက ထုတ်ပြန်ထားပါတယ်။
သူဟာ အရင်ကလည်း မြန်မာနိုင်ငံဆိုင်ရာ အမေရိကန်သံရုံးရဲ့ ဒုတိယအကြီးအကဲအဖြစ် ၂၀၀၈ ခုနှစ်ကနေ ၂၀၁၁ ခုနှစ်အထိ တာဝန်ထမ်းဆောင်ဖူးပြီး အခုတကြိမ်မှာတော့ သူ့ရဲ့ ဇနီးနဲ့ သမီး ၂ ယောက်ထဲက တယောက်တို့လည်း မြန်မာနိုင်ငံကို လိုက်ပါလာတယ်လို့ ဆိုပါတယ်။