မြန်မာက ကန့်ကွက်ထားသော်လည်း နယ်စပ်မှတ်တိုင်အနီး တရုတ်ဘက်က ခြံစည်းရိုးဆက်ကာ
DVB
·
January 18, 2021
ကချင်ပြည်နယ်၊ လွယ်ဂျယ်မြို့မှာ မြန်မာနိုင်ငံဘက်က ကန့်ကွက်စာပေးပို့ထားပေမယ့် တရုတ်နိုင်ငံဘက်က နှစ်နိုင်ငံနယ်စပ်မှတ်တိုင်အနီး သံဘောင်ခွေတွေနဲ့ ခြံစည်းရိုး ဆက်ကာနေတယ်လို့ သိရပါတယ်။
ဗန်းမော်ခရိုင် မိုးမောက်မြို့နယ်၊ လွယ်ဂျယ်မြို့နဲ့ တရုတ်နိုင်ငံ ယူနန်ပြည်နယ် လုံချွမ်ခရိုင်၊ လားရင်းကျေးရွာအကြားရှိ မြန်မာ-တရုတ်နှစ်နိုင်ငံနယ်စပ် နယ်နိမိတ်မှတ်တိုင် ၅၀ အနီး နယ်နိမိတ်မှတ်တိုင် (၄၉/၂) အထိ နယ်နိမိတ်မှတ်တိုင်မှ ၁၀ မီတာအတွင်း မြေညီကွန်ကရစ်ခုံပေါ်မှာ ခြံစည်းရိုးကာရံဖို့ သံတိုင် ၅၀ တိုင် ပေ ၅၀၀ လောက် စိုက်ထူခဲ့တဲ့အတွက် မြို့အုပ်ချုပ်ရေးမှူး ဦးယဉ်မင်းထွန်းနဲ့ ဌာနဆိုင်ရာတွေ ဇန်နဝါရီ ၁၀ ရက် မနက် ၁၀ နာရီက မြေပြင်ကွင်းဆင်းကြည့်ရှုခဲ့ပါတယ်။
နှစ်နိုင်ငံနယ်နိမိတ်မှတ်တိုင်မှ ၁၀ မီတာအတွင်း ကျရောက်နေတာကြောင့် ဆောင်ရွက်နေ တာကို ကန့်ကွက်ကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးကို အစဉ်ရှေးရှုလျက် သက်ဆိုင်ရာ နိုင်ငံခြားရေး ဝန်ကြီးဌာနကတဆင့် နှစ်နိုင်ငံ သံတမန်နည်းလမ်းအရ ညှိနှိုင်းဆောင်ရွက်ပြီး အထက်ဌာန အဆင့်ဆင့်ရဲ့ သဘောတူခွင့်ပြုချက်ရရှိပြီးမှသာ ဆောင်ရွက်သွားဖို့ မြန်မာဘက်က တရုတ်နိုင်ငံ၊ ကျန်းဖုန်းမြို့၊ လုံချွမ်ခရိုင်ပြည်သူ့အစိုးရဌာနကို ဇန်နဝါရီလ ၁၀ ရက်နေ့က ကန့်ကွက်စာ ပေးပို့ခဲ့ပါတယ်။
ကန့်ကွက်တဲ့နေ့ မွန်းတည့် ၁၂ နာရီကနေ ညနေ ၃ နာရီအထိ ခေတ္တရပ်ဆိုင်းခဲ့ပေမယ့် ဆက်လက်ပြီး ဆောင်ရွက်လုပ်ကိုင်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။
တရုတ်နိုင်ငံဘက်က ဇန်နဝါရီ ၁၅ ရက်နေ့ကစတင်ပြီး အမြင့် ၁၀ ပေ၊ အကျယ် ၁၀ ပေရှိ သံဘောင်ခွေတွေနဲ့ ခြံစည်းရိုး ဆက်လက်ကာရံခဲ့ကြတာလို့ မိုးမောက်မြို့နယ် အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခွန်ဝင်းသောင်းက ပြောပါတယ်။
“ကျနော်တို့အနေနဲ့ ဒါကို ပြင်းပြင်းထန်ထန်ကန့်ကွက်ပါတယ်။ ကန့်ကွက်စာကိုလည်း ပို့ပြီးတာတောင် ဆက်လက်ဆောင်ရွက်နေတာဟာ နှစ်နိုင်ငံချစ်ကြည်ရင်းနှီးမှုကို ထိခိုက်စေသလို အင်အားကြီးနိုင်ငံက ဖိနှိပ်နေသလိုခံစားရပါတယ်။ ကျနော်တို့အနေနဲ့ မိုးမောက်မြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဖြစ်တာမို့ ပြည်သူတွေနဲ့တသားတည်း ရှိနေပါတယ်။ နိုင်ငံခြားရေး ဝန်ကြီးဌာနက အမြန်ဆုံးသံတမန်နည်းလမ်းနဲ့ ဖြေရှင်းဆောင်ရွက်စေလိုပါတယ်။”
နှစ်နိုင်ငံနယ်နိမိတ်စာချုပ်အပိုဒ် (၄၇) အပိုင်း (၄) မျာ နယ်နိမိတ်မျဉ်းကြောင်းနဲ့ နယ်နိမိတ် မှတ်တိုတွေ ထိန်းသိမ်းထားရှိတာနဲ့ သက်ဆိုင်တဲ့ကိစ္စရပ်တွေကို အရေးယူဆောင်ရွက်ရာမှာ တစ်ပြည်ထောင်နဲ့တစ်ပြည်ထောင် ဆက်သွယ်ရန် (သို့တည်းမဟုတ်) ညှိနှိုင်းတိုင်ပင်ဖို့ လိုအပ်တဲ့အခါတိုင်း နှစ်ဖက်တာဝန်ရှိသူတွေ ဆက်သွယ်ညှိနှိုင်းတိုင်ပင်ဖို့ ဖော်ပြပါရှိတယ်လို့ သိရပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း မြန်မာ-တရုတ် နယ်နမိတ်မှတ်တိုင် အမှတ်(၅၀/၂)နှင့်(၅၁/၂) အကြားမှာ အကျယ် ၁ ပေ ၆ လက်မ၊ အနက် ၂ ပေခန့် ပေအရှည် ၉၅၀ ခန့် နဲ့ နယ်နမိတ်မှတ်တိုင်အမှတ် (၅၁/၂)နှင့်(၅၁/၁)အကြားမှာ အကျယ် ၁ ပေ ၆ လက်မ အနက် ၂ ပေခန့် ပေအရှည် ၁၅၀ ခန့် စုစုပေါင်းပေ ၁၁၀၀ ခန့်ကို နှစ်နိုင်ငံနယ်နမိတ်မှတ်တိုင်မှ ၁၁ ပေခန့်အကွာမှာ တရုတ်ဘက်က မြောင်းတူးဖော်ခဲ့တာကြောင့် တရားဝင်ကန့်ကွက်စာ ပေးပို့ခဲ့တယ်လို့ သိရပါတယ်။