ကိုအောင်ကြီးနှင့် ရဲတပ်ဖွဲ့အမှု ရက်ပေါင်း ၅၄၀ အတွင်း အပြီးစစ်ရန် သတ်မှတ်
နေဖြိုးဝင်း
·
January 15, 2021
မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယာဉ်မောင်း ကိုအောင်ကြီးက တရားစွဲဆိုထားတဲ့အမှုမှာ နှစ်ဖက်စေ့စပ်ညှိနှိုင်းဖို့ သဘောထားမရှိတဲ့အတွက် အမှုကို ဆက်လက် ရင်ဆိုင်ကြဖို့ ရှိနေပြီး ရက်ပေါင်း ၅၄၀ အတွင်း အမှုကို အပြီးစစ်ဆေးဖို့ သတ်မှတ်လိုက်ပါတယ်။
ဗစ်တိုးရီးယားအမှုမှာ မမှန်မကန်တရားစွဲဆို ချုပ်နှောင်ခံရတဲ့အတွက် လျော်ကြေးနဲ့ နစ်နာကြေး ကျပ်သိန်း ၅၀၀၀ ရလိုမှုနဲ့ မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို ယာဉ်မောင်း ကိုအောင်ကြီးက တရားစွဲဆိုထားတာဖြစ်ပါတယ်။
ဒီကနေ့ ဇန်နဝါရီ ၁၅ ရက် ရုံးချိန်းမှာတော့ မြန်မာနိုင်ငံရဲတပ်ဖွဲ့က ရဲချုပ်ကိုယ်တိုင်လာရောက်ခဲ့ခြင်းမရှိဘဲ သူ့ကိုယ်စား ဥပဒေဌာနက ဒုတိယရဲမှူးကြီး ဝင်းမြင့်လာရောက်ခဲ့ပြီး အမှုကို နှစ်ဦးနှစ်ဖက် ညှိနှိုင်းဖို့ သဘောထား မရှိဘူးလို့ ကိုအောင်ကြီးရဲ့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
“ လာပြီးတော့ ရုံးရှေ့မှာ အရောက်ပြပါတယ်။ ရုံးကရော ကျနော်တို့ကရော သူ့ကို ရဲချုပ်ရဲ့ အခွင့်ရကိုယ်စားလှယ်အဖြစ် လက်ခံပြီးတော့ ဆက်ဆံပါတယ်။ အဲဒါပြီးတော့ ရုံးကနေ CMP ရဲ့ မူအရ တရားမမှုမှာ စေ့စပ်ညှိနှိုင်းရေးအရာရှိဆီကို ပို့ပါတယ်။ စေ့စပ်ညှိနှိုင်းရေးအရာရှိရှေ့မှာ တရားလိုကရော တရားပြိုင်ကရော ဒီဥစ္စာကို စေ့စပ်ညှိနှိုင်းဖို့ သဘောထားမရှိဘူးလို့ ပြောပါတယ် ” လို့ ရှေ့နေ ဦးခင်မောင်ဇော်က ပြောပါတယ်။
တရားလိုဖြစ်တဲ့ ကိုအောင်ကြီးအနေနဲ့ ငွေကြေးရလိုမှုကြောင့် တရားစွဲဆိုတာမဟုတ်ဘဲ အမှုကို အဆုံးထိသွားလိုတာကြောင့် စေ့စပ်ညှိနှိုင်းလိုတဲ့ ဆန္ဒမရှိဘူးလို့ ပြောပါတယ်။
“ ကျနော်ဘက်က မညှိနှိုင်းချင်ဘူး။ အဆုံးထိပဲ သွားချင်တယ်။ အဓိက ငွေကြေးကြောင့် မဟုတ်ဘူးလို့ ပြောချင်တာ။ ကျနော့် ကိုယ်ကျင့်တရား၊ ဂုဏ်သိက္ခာ မိသားစုအသိုင်းအဝိုင်းပေါ့၊ ဒီဟာ အားလုံးကို ခြုံပြီးတော့ တရားစွဲတာပါ။”လို့ ကိုအောင်ကြီးက ဆိုပါတယ်။
အခုလို နှစ်ဖက်လုံးက စေ့စပ်ညှိနှိုင်းဖို့ သဘောထားမရှိကြတဲ့အတွက် အမှုကို ဆက်လက်ဆောင်ရွက်သွားကြမှာဖြစ်ပြီး ရက်ပေါင်း ၅၄၀ အတွင်း အပြီးစစ်ရမယ့် အမှုအဖြစ် သတ်မှတ်လိုက်တယ်လို့သိရပါတယ်။ နောက် ရုံးချိန်းကိုတော့ ဖေဖော်ဝါရီ ၁၁ ကို ပြန်လည်ချိန်းဆိုထားပါတယ်။