Homeမြန်မာသတင်း
ကျပ်သိန်း ၁၃,၀၀၀ ကျော် ကုန်ကျခံဆောက်ထားသည့် ဒီးမော့ဆိုမြို့နယ်ခန်းမဖွင့်လှစ် (ဓာတ်ပုံ)
ကျပ်သိန်း ၁၃,၀၀၀ ကျော် ကုန်ကျခံဆောက်ထားသည့် ဒီးမော့ဆိုမြို့နယ်ခန်းမဖွင့်လှစ် (ဓာတ်ပုံ)
နော်နိုရင်း
·
January 15, 2021
ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့မှာ ကျပ်သိန်း ၁၃,၀၀၀ ကျော်ကုန်ကျခံပြီး အသစ်တည်ဆောက်ထားတဲ့ မြို့နယ်ခန်းမကို ဒီကနေ့ ဇန်နဝါရီလ ၁၅ ရက်နေ့က ဖွင့်လှစ်လိုက်ပါတယ်။
အဆိုပါ ခန်းမဆောင်ကို ပြည်နယ်ဘဏ္ဍာ ရန်ပုံငွေ ၃ နှစ်ထဲကနေ တည်ဆောက်ထားတာလို့ ပြည်နယ်ခတ္တဝန်ကြီးချုပ် ဦးဘော့စ်ကိုက ပွင့်ပွဲမိန့်ခွန်းပြောကြားစဉ် ထည့်သွင်းပြောဆိုခဲ့ပါတယ်။
“ဒီးမော့ဆိုမြို့နယ် ခန်းမဆောင် သစ်ကြီးဟာ အလျား ၁၇၀ ပေ၊ အနံ ၁၀၉ ပေ၊ အမြင့် ပေ ၃၀ အတိုင်းအတာဖြင့် ဆောက်လုပ်ထားပြီး ၂၀၁၈ - ၁၉ ဘဏ္ဍာရေးနှစ် ခွင့်ပြုရန်ပုံငွေ ၇၇၀.၃၄၈ သန်းအဖြစ်သော်လည်းကောင်း၊ ၂၀၁၉-၂၀ ဘဏ္ဍာရေးနှစ်ရန်ပုံငွေ ၂၂၈.၄၉ သန်းဖြင့်လည်းကောင်း၊ ၂၀-၂၁ ခွင့်ပြုဘဏ္ဍာရန်ပုံငွေ ၃၄၅.၄၉၉သ န်းဖြင့်လည်းကောင်း ဘဏ္ဍနှစ် ၃ နှစ်ခွဲဝေ၍ စုစုပေါင်းခွင့်ပြုရန်ပုံငွေ ၁၃၃၄.၃၃၉ သန်းဖြင့် အကုန်ကျခံကာ ဆောက်လုပ်ခဲ့သဖြင့် ယနေ့အချိန်တွင် အောင်မြင်စွာ ဖွင့်လှစ်နိုင်ခဲ့ခြင်းပဲဖြစ်ပါတယ်။”
အဆိုပါ ခန်းမဆောင်ဟာ ကွန်ကရစ်နှစ်ထပ်ခန်းမ အမျိုးအစားဖြစ်ပြီး တင်ဒါစနစ်နဲ့ နန်းအေးရိပ်ကုမ္ပဏီက တင်ဒါအောင် ဆောက်လုပ်ခဲ့တာပါ။
အဆိုပါ ခန်းမကို ၂၀၁၉ ခု ဖေဖော်ဝါရီလ ၂၆ ရက်နေ့က စတင်ပန္နက်ရိုက်ကာ နှစ်နှစ်နီးပါးတည်ဆောက်ခဲ့တာဖြစ်ပြီး လူကြီးတွေရဲလမ်းညွန်ချက်နဲ့အညီဆောင်ရွက်ခဲ့သလို ဒေသခံတွေရဲ့ အလုပ်အကိုင်အခွင့်အလမ်းကို ဖန်းတီးပေးနိုင်ခဲ့တယ်လို့ နန်းအေးရိပ်ကုမ္ပဏီရဲ့ မန်နေးဂျင်းဒါရိုက်တာ ဒေါ်နန်းစမ်းစမ်းအေးက ပြောပါတယ်။
“အခြေခံလုပ်သားများ၊ ဒေသခံလုပ်သားများ၊ အလုပ်အကိုင်အခွင့် အလမ်းများ ရရှိခဲ့မှုမှာ တရက်လျှင် ဒေသခံလုပ်သားများ ၅၀ ဦးဝန်းကျင်ဖြင့် နှစ်နှစ်ခန့် အလုပ်အကိုင်ရရှိရေး ပံ့ပိုး ပေးနိုင်ခဲ့ရာတွင် ဝမ်းသာပီတိဖြစ်ရပါတယ်ရှင်။”
သုံးနှစ်စီမံကိန်းနဲ့ ကျပ်သိန်းပေါင်း ၁၃၀၀၀ ကျော် ကုန်ကျခံတည်ဆောက်ထားတဲ့ ဒီးမောဆိုမြို့ နယ်ခန်းမကို ဒီကနေ့ မနက် ၁၁ နာရီမှာ ဖဲကြိုးဖြတ်ဖွင့်လှစ်ခဲ့တာပါ။
အခမ်းအနားကို ကယားပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ခတ္တဝန်ကြီးချုပ် အပါအဝင် ဝန်ကြီးတွေနဲ့ ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ အပါအဝင် လွှတ်တော်ကိုယ်စားလှယ်တချို့ တက်ရောက်ခဲ့ကြပါတယ်။