အန်အယ်လ်ဒီ ရပ်ကျေးဥက္ကဋ္ဌ ၁ ဦးကို SNA ရှမ်းနီတပ်ဖွဲ့ က ဖမ်းဆီး
DVB
·
January 14, 2021
စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ ရွှေတွင်းအုပ်စု သံယောဇဉ်ကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရပ်ကျေးဥက္ကဋ္ဌ တစ်ယောက်ကို ရှမ်းနီလက်နက်ကိုင်(SNA)အဖွဲ့က ဇန်နဝါရီ ၁၃ ရက် ညဦးပိုင်းက ဖမ်းဆီးခေါ်ဆောင်သွားခဲ့တယ်လို့ ဖမ်းဆီးခံရသူရဲ့ မိသားစုထံက သိရပါတယ်။
ဖမ်းဆီးခေါ်ဆောင်ခံရသူဟာ သံယောဇဉ်ကျေးရွာက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးလွင်မောင်ထွေး ဖြစ်ပြီး ရှမ်းနီလက်နက်ကိုင်တပ်ဖွဲ့ဝင်တချို့က နေအိမ်မှာ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားခဲ့တာလို့ သူ့ရဲ့ ညီဖြစ်သူက ပြောပါတယ် ။
"မနေ့ည ၁၀ နာရီလောက်က လာခေါ်သွားတာ။ ရှမ်းနီလက်နက်ကိုင်တွေလို့ပြောတယ်။ လေးယောက်က ခေါ်သွားတာ "လို့ ဦးလွင်မောင်ထွေးရဲ့ ညီက ပြောပါတယ်။
ဘာကြောင့် ခုလို ဖမ်းဆီးခေါ်ဆောင်သွားတာလဲဆိုတာနဲ့ လက်ရှိ ဘယ်မှာ ထိန်းသိမ်းထားတယ်ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။
မနေ့ည ၁၀ နာရီ လောက်က ဖမ်းဆီး ခေါ်ဆောင်သွားတာလို့ ဟုမ္မလင်းမြို့နယ် အန်အယ်လ်ဒီပါတီ တာဝန်ရှိသူတစ်ဦးဖြစ်တဲ့ ကိုကျော်ဌေးလွင်က ပြောပါတယ်။
“အခုဖမ်းဆီးခေါ်ဆောင်ခံရတဲ့လူက ကျနော်တို့ အန်အယ်လ်ဒီ ပါတီက စည်းရုံးရေးမှူးပါ။ သူက ၂၀၂၀ ရွေးကောက်ပွဲ စည်းရုံးလုပ်ခဲ့သူ။ နောင်ပိုအောင် ရွှေတွင်းတွေမှာ သူကပဲ ဦးဆောင်လုပ်ခဲ့တယ်”
ဒီကိစ္စနဲ့ ပတ်သက်ပြီး ရဲစခန်းမှာအမှု မဖွင့်ရသေးဘဲ တိုင်းအစိုးရ ဝန်ကြီးချုပ်ကို ဖုန်းနဲ့အကြောင်းကြားထားတယ်လို့ဆိုပါတယ်။ ဟုမ္မလင်းမြို့နယ် အန်အယ်လ်ဒီ ပါတီအနေနဲ့ အသေးစိတ်ဖြစ်စဉ်ကို စစ်ကိုင်းတိုင်း အန်အယ်လ်ဒီပါတီကို စာတင်ဖို့ ဆောင်ရွက်နေတယ်လို့လည်း ဟုမ္မလင်းမြို့နယ် အန်အယ်လ်ဒီ ပါတီတာဝန်ရှိသူတစ်ဦးက ပြောပါတယ်။
သတင်း- ဇော်မိုးထက် (ဖားကန့်)/ ဆောင်း