ကျိုက်ထီးရိုးစေတီတောင်ပေါ်တွင် မီးတားလမ်းဖောက်လုပ်
DVB
·
January 11, 2021
သမိုင်းဝင်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော် တောင်ပေါ်မှာနေထိုင်ကြသူတွေစုပေါင်းပြီး ဇန်နဝါရီ ၁၀ ရက်နေ့က မီးဘေးကြိုတင်ကာကွယ်တဲ့အနေနဲ့ တောင်ပတ်လည်မှာ မီးတားလမ်းဖောက်လုပ်ခဲ့ကြပါတယ်။
မီးတားလမ်း ဖောက်လုပ်မှုကို ကျိုက်ထီးရိုး စေတီတော်ရင်ပြင်နဲ့ ကျိုက်ထီးရိုးတောင်တော် အကြား ပေ ၃၀ အကျယ်၊ အလျား ၁၃၅၀ ကိုက်ကျော် အရှည်ရှိ မီးတားလမ်းကို ဖောက်လုပ်ခဲ့ကြာ ဖြစ်ပါတယ်။
တောမီးတွေ မကြာခဏ လောင်ကျွမ်းတတ်တာကြောင့် စေတီတော်ရင်ပြင် ပတ်ဝန်းကျင်ရှိ အဆောက်အဦးတွေ၊ လူနေအိမ်တွေ၊ စာသင်ကျောင်းတွေ၊ ဘုန်းတော်ကြီး ကျောင်းတွေနဲ့ တောင်ပေါ်နေပြည်သူတွေ မီးဘေးအန္တရာယ် ကင်းဝေးစေဖို့အတွက် စုပေါင်းလုပ်ဆောင်တာလို့ ရင်ပြင်တော်အုပ်ချုပ်ရေးရုံး ရာအိမ်မှူး ဦးကျော်မင်းဦးက ပြောပါတယ်။
“မီးတားလမ်းကို နှစ်စဉ် တစ်လပိုင်းမှာ လုပ်ဆောင်နေကြပါ။ အရင်နှစ်တွေကတော့ စျေးသူစျေးသားတွေပါပါတော့ လူအင်အားများများနဲ့လုပ်ဆောင်နိုင်တာပေါ့။ ဒီနှစ်က ကိုဗစ်ရော ဂါကြောင့် တောင်ပိတ်ထားတော့ တောင်ပေါ်မှာနေထိုင်တဲ့ ဒေသခံတွေနဲ့ပဲ စုပြီးလုပ်နိုင်တယ်။ နေရာအစုံတော့မပြီးပါဘူး။ တချို့ကျန်ခဲ့တဲ့နေရာတွေကိုလည်း လူစုလို့ရရင်ထပ်ပြီး လုပ်ဆောင်သွားဦးမှာပါ။ တောင်ဘေးပတ်လည်မှာကလည်း တောမီးလောင်ပြီး နှစ်စဉ် မီးဘေးဒဏ်ကိုခံခဲ့ရတာဆိုတော့ အဓိကရည်ရွယ်ချက်က တောင်ပေါ်ကိုမီးမကူးနိုင်အောင် တားဆီးတဲ့သဘောပါ”။
မီးတားလမ်း ဖောက်လုပ်ရာမှာ ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ပြည်သူစစ်အဖွဲ့ဝင်တွေနဲ့ တောင်ပေါ်နေ ဒေသခံတွေစုပေါင်းပြီး ဝိုင်းဝန်းကူညီ လုပ်ဆောင်ခဲ့ကြပြီး ကူညီသူတွေကို အုန်းသီးဆန်ပြုတ်တိုက်ကျွေးခဲ့ပါတယ်။
ဆံတော်ရှင်ကျိုက်ထီးရိုးတောင်ပေါ်မှာ (၁၉၇၅) ခုနှစ်က ၁ကြိမ်၊ (၁၉၅၉) ခုနှစ်က ၁ကြိမ်၊ (၁၉၈၁) ခုနှစ်က ၁ကြိမ်၊ (၁၉၈၈) ခုနှစ်က ၁ကြိမ်နဲ့ (၂၀၀၃-၂၀၀၄) ခုနှစ် တောင်ဖွင့်ရာသီမှာ ၁ကြိမ် မီးလောင်မှုဖြစ်ပွားခဲ့တယ်လို့ ရင်ပြင်တော်အုပ်ချုပ်ရေးအဖွဲ့ရုံးက သိရပါတယ်။
သတင်း - ယူမင်းစိုး