မန်းရွှေစက်တော်ဘေးမဲ့တောဥယျာဉ်တွင် ရှားပါး ရွှေသမင်အမ ၅ ကောင် ထပ်မံပေါက်ဖွား
DVB
·
January 8, 2021
မကွေးတိုင်းဒေသကြီး၊ မင်းဘူး စကုမြို့နယ် မန်းရွှေစက်တော်ဘေးမဲ့တောဥယျာဉ်ရှိ ရွှေသမင်ခြံမှာ ရွှေသမင်အမ ၅ ကောင်ထပ်မံပေါက်ဖွားခဲ့တယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာန ကနေ သိရပါတယ်။
မန်းရွှေစက်တော ဘေးမဲ့တောဥယျာဉ်က ရွှေသမင်ခြံမှာ အရင်က ရွှေသမင် အထီး ၆ ကောင်နဲ့ အမ ၁၈ ရှိကောင်သာရှိခဲ့ပြီးတော့ ယခုနှစ်မှာ ရွှေသမင် အမ ၅ ကောင် ထပ်မံပေါက်ပွားခဲ့လို့ စုစုပေါင်း ၂၉ ကောင်ရှိပြီလို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောပါတယ်။
"အရင်က မန်းရွှေစက်တော် ဘေးမဲ့တောမှာ ရွှေသမင်တွေအများအပြားရှိခဲ့ပြီးတော့ မသမာသူတွေ ခိုးယူပစ်ခတ်သတ်ဖြတ်တာတွေကြောင့် ရွှေသမင်မျိုးစိတ်ပျောက်ကွယ်လာ နိုင်တာကြောင့် သစ်တောဥပဒေအရ အရေးယူသွားမှာဖြစ်ပြီး သတိပေးဆိုင်းဘုတ်ပိုစတာတွေလည်း စိုက်ထူထားတယ်” လို့ဦးဌေးမောင်က ပြောပါတယ်။
အဲဒီရွှေသမင်ခြံက ရှာပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ရွှေသမင်တွေကို မန်းရွှေစက်တော်ဘုရားဖူး လာကြတဲ့ အများပြည်သူ လေ့လာကြည့်ရှုနိုင်အောင် ၂၀၁၀ ခုနှစ်က မန်းရွှေစက်တော်ဘုရား ၃ မိုင်လမ်း လှေတင်တံတားထိပ်မှာ ဆောက်လုပ်ခဲ့တာဖြစ်ပါတယ်။
ကမ္ဘာအနှံအပြားမှာ (Deer) သမင်မျိုးစိတ် ၄၃ မျိုးရှိပြီးတော့ မြန်မာနိုင်ငံမှာ သမင်မျိုးစိတ် ၈ မျိုးရှိတဲ့အနက် မန်းရွှေစက်တောဘေးမဲ့တောဥယျာဉ်မှာတော့ ရှားပါးမျိုးစိတ်တစ်ခုဖြစ်တဲ့ ရွှေသမင်တွေ မွေးမြူထားတာဖြစ်တယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနကနေ သိရပါတယ်။
သတင်း-မင်းထီး