မြန်မာနိုင်ငံမှ တရားမဝင်ပြန်လာသည့် ထိုင်းအမျိုးသမီး ၄ ဦးတွင် ကိုဗစ်-၁၉ ပိုးတွေ့ရှိ
နန်းမြနဒီ
·
January 7, 2021
ထိုင်း-မြန်မာနယ်စပ်၊ မဲဆောက်မြို့မှာ မြန်မာဘက်ခြမ်းကနေ တရားမဝင်ပြန်ဝင် လာတဲ့ ထိုင်းအမျိုးသမီး ၄ ယောက် ကိုဗစ်-၁၉ ကူးစက်ရောဂါ ကူးစက်ခံထားရတယ်လို့ ထိုင်းရတ် သတင်းမှာ ဖော်ပြပါတယ်။
အဆိုပါအမျိုးသမီး ၄ ယောက်ဟာ မြဝတီမှာအလုပ်သွားလုပ်ပြီး နယ်စပ်တောလမ်းကနေ ပြန်ဝင်လာကြောင်း၊ နေရပ်ပြန်ဖို့ တာ့ခ်ခရိုင်ကနေ ထွက်ခွာခွင့်ရဖို့ မဲဆောက်ဆေးရုံကြီးမှာ ဆေး ထောက်ခံစာလာယူရင်း ကိုဗစ်-၁၉ ရောဂါပိုး စစ်ဆေးတွေ့ရှိခဲ့တာလို့ မဲဆောက်ဆေးရုံတာဝန်ကျ ဆရာဝန်တစ်ဦးက ပြောပါတယ်။
သူတို့ ၄ ယောက်အနက် ၃ ယောက်မှာ ကိုဗစ်-၁၉ တွေ့ပြီး ရောဂါလက္ခဏာမပြကြောင်း၊ ဒါကြောင်း ကွာရန်တင်းစင်တာမှာ ၁၄ ရက် အသွားအလာကန့်သတ်နေဖို့ ပို့ဆောင်ထားပြီး ကျန်တဲ့တစ်ယောက်က ရောဂါပြင်းထန်လာလို့ ကုသရေးဆောင်ကို ပို့ဆောင်ထားတယ်လို့ ဆိုပါတယ်။
မဲဆောက်ဆေးရုံကြီးမှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့သူ ၁၇ ယောက်ရှိပြီး ဆေးရုံမှာ ကုသနေသူ ၁၄ ယောက်နဲ့ ရောဂါလက္ခဏာမပေါ်လို့ ကွာရန်တင်းစင်တာမှာ ကန့်သတ်နေထိုင်သူ ၃ ယောက် ရှိတယ်လို့ မဲဆောက်ဆရာဝန်က ပြောပါတယ်။
မနေ့ကတော့ ကိုဗစ်-၁၉ အတည်ပြု လူနာ ၂ ယောက် သက်သာပျောက်ကင်းလို့ ဆေးရုံဆင်းသွားပြီလို့ ဆိုပါတယ်။
မြန်မာနိုင်ငံကို ရောက်ရှိနေတဲ့ ထိုင်းနိုင်ငံသားတွေအနေနဲ့ နေရပ်ပြန်လိုပါက သက်ဆိုင်ရာ တာဝန်ရှိသူတွေထံအကြောင်းကြားပြီး တရားဝင်ပြန်လာလို့ ရပါလျက်နဲ့ ခုလိုတရား မဝင်ပြန်ဝင်လာတဲ့ပေါ် ပြစ်တင်ဝေဖန်မှုတွေရှိနေပါတယ်။
ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းလုပ်သားအမြောက်အမြား ကိုဗစ်-၁၉ ကူးစက်ခံထားရတာ တွေ့ရှိပြီးတဲ့နောက် နယ်စပ်လုံခြုံရေးကို တိုးမြှင့်ချထားပေမယ့် တရားမဝင်ဝင်ရောက်မှုတွေကတော့ ရှိနေဆဲ ဖြစ်ပါတယ်။
ကိုးကား- ThaiRath