ရန်ကုန်-ကိုကိုးကျွန်း သင်္ဘောခရီးစဉ် ပြန်လည်ပြေးဆွဲ
စိုးမိုးအောင်
·
January 6, 2021
ရန်ကုန်တိုင်းအစိုးရဲ့ အစီအစဉ်နဲ့ ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို ပြန်လည်ပြေးဆွဲခဲ့ပြီး ခရီးစဉ်တစ်ခေါက်မှာ လူ ၆၀ ကျော် ပါဝင်တယ်လို့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးကြီးကြပ်ကွပ်ကဲမှု အာဏာပိုင်အဖွဲ့ YRTA က ပြောပါတယ်။
ကိုဗစ်-၁၉ ရောဂါကြောင့် ပြေးဆွဲမှု ရပ်နားထားတဲ့ ရန်ကုန်- ကိုကိုးကျွန်းခရီးစဉ်ကို ဇန်နဝါရီ ၆ ရက်နေ့ မနက်ပိုင်းက ရန်ကုန်ဆိပ်ကမ်းကနေ ပြန်လည်ပြေးဆွဲခဲ့တာပါ။
ဒီခရီးစဉ်ဟာ YRTAအဖွဲ့ရဲ့ စတုတ္ထအကြိမ်မြောက်ပြေးဆွဲမှုဖြစ်ပြီး ရန်ကုန်တိုင်းအစိုးရရဲ့ အစီအစဉ်နဲ့ ရန်ကုန်တိုင်းဒေသကြီး သယ်ယူပို့ဆောင်ရေးအဖွဲ့(YRTA)တို့ကနေ ပူးပေါင်း စီစဉ်ခဲ့တာပါ။
ရန်ကုန်-ကိုကိုးကျွန်းသင်္ဘောခရီးစဉ်ကို ခရီးသည် ၆၁ ယောက် လိုက်ပါခဲ့သလို ကုန်တန်ချိန် ၃၅၀ လောက်ပါဝင်တယ်လို့ YRTA အဖွဲ့က ပြောပါတယ်။
လိုက်ပါမယ့်ခရီးသည်တွေကို ကျန်းမာရေးဝန်ကြီဌာနညွှန်ကြားချက်တွေအတိုင်း ကိုဗစ်-၁၉ ရောဂါရှိမရှိ စစ်ဆေးတာ၊ Quarantine စင်တာတွေမှာ ဝင်ရောက်စေတာတွေ ဆောင်ရွက်ပြီးမှ လိုက်ပါခွင့်ပြုခဲ့တာလို့ YRTAတွဲဖက်အတွင်းရေးမှူး ဦးလှအောင်က ပြောပါတယ်။
ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်ကို အစိုးရဝန်ထမ်းတွေ၊ ရဲတပ်ဖွဲ့ဝင်တွေ၊ စည်ပင်ဝန်ထမ်းတွေနဲ့ ဒေသခံတွေလိုက်ပါခဲ့ပြီး YESC မီးလင်းရေး ပစ္စည်းတွေ၊ နယ်စပ်စည်ပင်ပစ္စည်းတွေ၊ တပ်မတော်ကုန်ပစ္စည်းတွေနဲ့ ဒေသဖွံ့ဖြိုးရေးပစ္စည်းတွေ ပါဝင်တယ်လို့ ဆိုပါတယ်။
ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်တွေကို ၂၀၂၀ ပြည့်နှစ်ကနေ လက်ရှိအချိန်အထိ YRTA အဖွဲ့ အစီအစဉ်နဲ့ ၄ ကြိမ်ပြေးဆွဲပေးခဲ့ပြီး ပို့ဆောင်ရေးဝန်ကြီဌာနကနေလည်း ၃ ကြိမ်ပြေးဆွဲ ပေးခဲ့ တယ်လို့ ဆိုပါတယ်။
ရန်ကုန်-ကိုကိုးကျွန်းခရီးစဉ်တခေါက်ကို အရင်က ကျပ်သိန်း ၂၀၀နဲ့ သင်္ဘောကုမ္ပဏီတွေ ဆီက ငှားရမ်းခဲ့ပြီး၊ လက်ရှိသင်္ဘောကတော့ ကုန်တန်ချိန်များများတင်နိုင်တာကြောင့် တခေါက်ကို ကျပ်သိန်း ၃၅၀ နဲ့ ငှားရမ်းခဲ့တာဖြစ်ပါတယ်။