ကလောင်ပေါကြွယ် “တင့်တယ်” ဆရာ
မောင်တူး
·
January 6, 2021
“ကမ္မဖလ”၊ “ရောမကိုအာခံသူ”
“ဖဲမွေ့ယာပေါ်ဝယ်”၊ “လိုက်တော်မူသင့်ပါငဲ့”
“လစန္ဒာနှင့်ခြူးပိုက်ဆံ”၊ “လာလုလုငေး”
ဝတ္ထုများရေး၊ စာရေးဆရာ
“တင့်တယ်”မှာဖြင့်၊ ထွက်ခွာသွားခဲ့
လေးဆယ့်တနှစ် ရှိပါပြီ။ ။
လွတ်လပ်ရေးနေ့ ပွဲတော်ကြီး ကျင်းပနေကြချိန်မှာ လွန်ခဲ့တဲ့ ၄၁ နှစ်က လွတ်လပ်ရေးနေ့မှာပဲ ကွယ်လွန်သွားခဲ့တဲ့ နာမည်ကျော် စာရေးဆရာကြီးတဦး ရှိခဲ့ပါတယ်။
သူဟာ ၁၉၄၈ ခုနှစ် ဇန်နဝါရီ ၄ ရက် လွတ်လပ်ရေးကြေညာစာတမ်းကို ဆရာဇော်ဂျီ၊ ဆရာတက်တိုး၊ ဆရာဇေယျ၊ ဒေါက်တာမောင်မောင်တို့ နဲ့အတူအတူ ပူးပေါင်းပြုစုခဲ့သူပါ။ သူကတော့ စာရေးဆရာကြီး တင့်တယ်ပေါ့။ တင့်တယ်ရဲ့ နောက် ထူးခြားချက်တွေထဲမှာ ကလောင်ကွဲ နာမည်များစွာတွေနဲ့ စာရေးခဲ့တာ ဖြစ်ပါတယ်။ ပန်းပဲမောင်တင့်တယ် သီချင်ကြားရပြီး “တင့်တယ်” ဆိုတဲ့ ကလောင်နာမည် ယူခဲ့ပါတယ်လို့ သူက ဆိုခဲ့ပါတယ်။
ပြီးတော့လည်း နာမည်ကျော် စာရေးဆရာကြီး တင့်တယ်ဟာ ကိုလိုနီခေတ် သပိတ်တိုက်ပွဲမှာ ကျဆုံးသွားတဲ့ ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုပြီး အောင်ကျော် ကလောင်အမည်ခွဲတခုလည်း သုံးပြီး စာရေးခဲ့ပါသေးတယ်။ “တင့်တယ်”မှာ ကလောင်အမည်များစွာရှိပါတယ်။ ကလောင်များစွာရှိတဲ့ စာဆိုတော်ကြီး တင့်တယ်ပါလို့ ဆိုနိုင်ပါတယ်။ သူဟာ အခုကိုဗစ်ရောဂါတွေ မဖြစ်ပွားခင်က ရန်ကုန်မှာ ရုံတင်သွားခဲ့တဲ့ “ ကမ္မဖလ” ရုပ်ရှင် ဇာတ်ကားရဲ့ မူရင်း “ကမ္မဖလ” ဝတ္ထုကိုရေးခဲ့သူပေါ့။ ၊ “လိုက်တော်မူသင့်ပါငဲ့” “လစန္ဒာနှင့်ခြူးပိုက်ဆံ”၊ “လာလုလုငေး”၊ “ပန်းရောင်”၊ “ မြမန်းမေမျိုးမြတ်”၊ “ရွှေချစ်ငွေချစ်၊ “ဖိုးပြုံးချို”၊ “ဖြေလျော့ခွေ”၊ “ထား” စတဲ့ ဝတ္ထုတွေလည်း သူရေးခဲ့တာပေါ့။
နောက်ထပ် သူ့ဝတ္ထုတွေ၊ ဘာသာ ပြန် စာအုပ်တွေ၊ သမိုင်းဆိုင်ရာ စာအုပ်တွေလည်း ပြုစုခဲ့ပါသေးတယ်။ သူဟာ နာမည်ကျော် ရှု့မဝမဂ္ဂဇင်းနဲ့ စန္ဒာမဂ္ဂဇင်းတို့ရဲ့ အယ်ဒီတာလည်း ဖြစ်ပါတယ်။ ပြီးတော့ သတင်းစာဆရာ၊ ဇာတ်ညွှန်းရေးဆရာနဲ့ ရုပ်ရှင်ဒါရိုက်တာလည်းဖြစ်ခဲ့သူ ဆရာကြီး “တင့်တယ်” ဟာ (သူ့အသက် ၆၃ နှစ်အရွယ်) ၁၉၈၀ ခုနှစ် ဇန်နဝါရီလ ၄ ရက်က ကွယ်လွန်ခဲ့တာမို့ အခုဆို သူမရှိတော့တာ ၄၁ နှစ်ပြည့်ပါပြီ။
စာရေးခြင်း အတတ်ပညာဖြင့်
အသက်မွေးဝမ်းကျောင်းကို
ရှာဖွေနေသော သူတယောက်၏ အဖို့၌
စာဖတ်သူများအပေါ် တာဝန်တရပ်ရှိ၏။
ထိုတာဝန်မှာကား သုံးချောင်းထောက်
ထိုင်ခုံနှင့်တူသော တာဝန်ဖြစ်လေသည်။
အသိတိုးစေ၊
ပညာဖြိုးစေ၊
ပျော်ရွှင်စေ၊
ဟူသော စေတနာသုံးတန်ကို ထားရှိကာ
စာပေတာဝန်ကို ထမ်းဆောင်နေပါမည်ဟု ဆိုရပေတော့မည်။
တင့်တယ်၏ တင့်တယ် စာအုပ်မှ
“တင့်တယ်ဆိုတာ”
သူ့ကို ပဲခူးတိုင်း၊ ရွှေတောင်မြို့မှာ ဦးဘစိန်၊ ဒေါ်တင်မေတို့က ၁၉၁၆ ဇူလိုင် ၂၁ ရက် မွေးဖွားတယ်။ ငယ်နာမည် မောင်သန်း၊ နာမည်ရင်း ဦးဝင်းစိန်။ တင့်တယ်ဟာ ရွှေတောင် အထက်တန်းကျောင်း၊ ပြည်မြို့တို့မှာ ပညာသင်ခဲ့ပြီး၊ ၁၉၃၄-ခု ပြည်မြို့က ဆယ်တန်းအောင်တယ်။ ရန်ကုန်တက္ကသိုလ်က ၁၉၃၉ မှာ ဝိဇ္ဇာဘွဲ့ရတယ်။ ၁၉၃၉ - ၁၉၄၁ အထိ ပန်းတနော် အမျိုးသား အထက်တန်းကျောင်း ကျောင်းဆရာလုပ်ပြီး ၁၉၄၁ မှာ ရန်ကုန်တက္ကသိုလ် ဥပဒေသင်တန်း ပြန်တက်တယ်။ ဒုတိယကမ္ဘာ စစ်တွင်း ကုန်သည်လုပ်ပြီး ပညာရေးဌာန လက်အောက်ရှိ စာပေနှင့် စာကြည့်တိုက်ဌာန စာပြုအဖြစ် အမှုထမ်းခဲ့တယ်။ ၁၉၄၅ မှာ ဥပဒေဝိဇ္ဇာဘွဲ့ရတယ်။ ၁၉၄၅ - ၁၉၄၈ ပြန်ကြားရေးဌာန ဘာသာပြန်အရာရှိဖြစ်ပြီး ၁၉၄၈-၁၉၅၂ အင်္ဂလန်နိုင်ငံ ဘီဘီစီ အသံလွှင့်ဌာန မြန်မာပိုင်း အစီအစဉ် ဘာသာပြန်နဲ့ သတင်းထုတ်လွှင့်သူ လုပ်ခဲ့တယ်။
“တင့်တယ်မှာ အရေးအသားချောမွေ့ပြေပြစ်ပြီး အဖွဲနွဲ့ ကောင်းသည်။ စကားပြောခန်း စသည်များ သွက်သဖြင့် ဝတ္ထုအဖြစ် ဖတ်၍ ကောင်းလှပေသည်။ စိတ်ကူးယဉ် အတွေးဖြင့် အချစ် ဇာတ်လမ်းများကို ရေးသည်။ စစ်အပြီး၌ တဟုန်ထိုး ကျယ်ပြန့် တိုးပွားလာသော စာဖတ်ပရိတ်သတ်တွင် စိတ်ကူးယဉ် စာပေသည် အရေးပါလာပေရာ တင့်တယ်၏ ဝတ္ထုများကို လူကြိုက်များသည်။” (ဒဂုန်တာရာ)
“တင့်တယ် စာပေနယ်ဝင်ရောက်ပုံ”
တင့်တယ်ရဲ့ ပထမဆုံးလက်ရာက ၁၉၃၆-ခုနှစ် ရွှင်ပျော်ပျော် စာအုပ်တိုက်ထုတ် "'မရှက်လို့လား"' ဝတ္ထုပါ။ ၁၉၃၇-ခုနှစ်မှာ "'တနေဝင်"' ဝတ္ထုကို “အောင်ကျော်” ကလောင်နာမည်နဲ့ ရေးတယ်။ ၁၉၄၆-ခုနှစ် ဇူလိုင်လ စာပဒေသာမဂ္ဂဇင်းကို ဦးဆောင် ထုတ်ခဲ့တယ်။ ၁၉၄၇ ရှုမဝမဂ္ဂဇင်းကို ဦးကျော်နဲ့ တွဲဖက်တာဝန်ယူထုတ်ဝေခဲ့ပြီး ၁၉၄၈ ခု ပဒေသာမဂ္ဂဇင်း ထုတ်ဝေသူတွေထဲ မှာ သူပါဝင်တယ်။ ၁၉၅၅-ခုနှစ် ဩဂုတ်လကစ ပဒေသာမဂ္ဂဇင်းကို ရီးဒါးဒိုင်ဂျက်ပုံစံနဲ့ ဦးစီး ထုတ်ဝေခဲ့တယ်။ ၁၉၆၉-ခုနှစ်က စပြီး စန္ဒာရုပ်စုံမဂ္ဂဇင်း စာတည်း တာဝန်ကို ကွယ်လွန်ချိန်အထိ ယူခဲ့တယ်။ ၁၉၄၆ ခုနှစ်ထုတ် စာပဒေသာမဂ္ဂဇင်းမှာ “တင့်တယ်” ကလောင်နာမည်ကို စသုံးစွဲခဲ့တယ်။ ၁၉၄၇ “ရွှေချစ်ငွေချစ်” ဝတ္ထုကို ပထမဆုံး လုံးချင်းဝတ္ထုအဖြစ် တင့်တယ် နာမည်နဲ့ ထုတ်ခဲ့တယ်။
“ကလောင်ခွဲ ၄၀ ကျော်ပိုင်သော တင့်တယ်”
တင့်တယ် အမည်ယူခဲ့တာကတော့ ပန်းပဲမောင်တင့်တယ် နတ်မောင်နှမ ရုပ်ရှင် ကြော်ငြာသီချင်းကြားရာက တင့်တယ် နာမည်ယူခဲ့တာပါ။ ၁၉၃၇ ခုနှစ် “တနေဝင်” ဝတ္ထုမှာ အောင်ကျော်ကလောင်ကို စသုံးတယ်။ တင့်တယ်ဟာ ကလောင်ခွဲ ၄၀ ကျော် ရှိတယ်။ သူ့ကလောင်တွေထဲမှာ ကျော်ဇော၊ ဦးထွဋ်ခေါင်၊ ဒေါ်ယဉ်မင်းလှ၊ အေးစိမ့်၊ အောင်မြင်၊ ဩဘာ တို့က ထင်ရှားတယ်။ ဘဝသရုပ်ဖော်ဝတ္ထုတွေကို ကျော်ဇော ကလောင်အမည်နဲ့ ရေးတယ်။ အချစ်ဇာတ်လမ်းတွေကို တင့်တယ် နဲ့ ရေးတယ်။ အတွေးအခေါ် ဆောင်းပါးတွေကို ဦးထွဋ်ခေါင် နဲ့ ရေးတယ်။ အမျိုးသမီး ရေးရာတွေအကြောင်းရေးရင် ဒေါ်ယဉ်မင်းလှ နဲ့ ရေးတယ်။ ခါးပိုက်နှိုက်တွေအကြောင်း ရေးတဲ့အခါ အေးစိမ့်၊ စာပေဆောင်းပါးဆိုရင် ဩဘာ၊ ဟာသတွေ ရေးတော့ အောင်မြင်နဲ့ ရေးတယ်။ “အောင်မြင်” ကလောင် ဖြစ်လာပုံကို တင့်တယ်၏တင့်တယ် စာအုပ်မှာ အခုလို ရေးထားခဲ့တယ်။
“ဂျပန်ခေတ်မှာ မြန်မာနိုင်ငံစာရေးဆရာအသင်း စဖွဲ့သည်။ စာရေးဆရာ ဟူသောအမည်နဲ့ မဂ္ဂဇင်း တစောင် ထုတ် ဝေသည်။ ထိုမဂ္ဂဇင်းထဲ၌ စာရေးသူအား စာတပုဒ်ဝင်၍ အရေးခိုင်းရာ ဆောင်းပါးအမည်မှာ “ခိုးဖို့ အချိန် တော်ပြီ” ဖြစ်သည်။ ယူလိုက်သော ကလောင်အမည်မှာ အောင်မြင် ဟူ၍ ဖြစ်လေသည်။ ထိုကလောင်အမည်မှာ စာရေးသူ အထူးကြည်ညိုသော ဆရာကြီးဇေယျ၏ ကလောင်အမည်ကို ပါဠိမှ မြန်မာပြန်၍ ခိုးလိုက်ခြင်းပင် ဖြစ်၏။”
“အောင်ကျော်” ကလောင်ကို ယူပုံကတော့ ကျွန်ပညာရေးစံနစ်ကို သပိတ်မှောက်ရင်း ကျဆုံးသွားတဲ့ ဗိုလ်အောင်ကျော်ကို ဂုဏ်ပြုပြီး အောင်ကျော်ဆိုတဲ့ ကလောင်အမည်ကို ယူတာဖြစ်တယ်။ ဘာသာပြန်ဝတ္ထုတွေရေးတဲ့အခါ တင့်တယ်၊ ထွန်းအံ့၊ ကျော်ဇော၊ စိန်တပွင့်၊ အောင်မြင် ကလောင်တွေကို သုံးခဲ့တယ်။ “လှပ” ဆိုတဲ့ ကလောင်နာမည်ကို သုံးပြီး ပန်းချီအနုပညာ ဆိုင်ရာ ဆောင်းပါးတွေကိုလည်း ရေးခဲ့ပြီး “ဦးအသင်္ချေ” ကလောင်နဲ့ ဆောင်းပါးတွေ ရေးသေးတယ်။
“ တင့်တယ်နှင့် ပတ်သက်၍
သူ၏ချီးမွမ်းထိုက်သော ဂုဏ်မှာကား ဇွဲပင်ဖြစ်သည်။
ဝတ္ထုများကို စက်နှင့်လှည့်၍ ထုတ်လိုက်သကဲ့သို့
မြန်အောင်ရေးသားနိုင်သော သတ္တိမှာ ထူးကဲလှသည်။
(တက်တိုး)
“တင့်တယ်၏ စာအုပ်များ”
တင့်တယ်ကလောင်အမည်နဲ့ ထုတ်ဝေခဲ့တဲ့ ဝတ္ထုတချို့ထဲမှာ ချစ်နိုင်ငံ (၁၉၄ရ)၊ ဖြေလျော့ခွေ (၁၉၄ရ)၊ ချစ်သက်လက်ဆောင် (၁၉၅၀)၊ ကမ္မဖလ (၁၉၅၁)၊ ထား(၁၉၅၇) စတာတွေဟာ ထင်ရှားပါတယ်။ တင့်တယ် ကလောင်နာမည်နဲ့ဘဲ ချစ်လင် (၁၉၄၇)၊ ပျိုတို့အချစ်တော် (၁၉၅၇)၊ အဏ္ဏဝါနှင့် အဖိုးအို (၁၉၆၄)၊ ချာလီနှင့် ယာယီ (၁၉၆၄)၊ လစန္ဒာနှင့် ခြူးပိုက်ဆံ (၁၉၆၄)၊ ရောမကို အာခံသူ (၁၉၆၅)တို့ကိုလည်း ဘာသာပြန်ခဲ့တယ်။ “ဝတ္ထုရေးနည်း အခြေပြ” (၁၉၇၄) ကျမ်းတစောင်ကို လည်း ပြုစုခဲ့တယ်။ ဒုတိယကမ္ဘာစစ် အတွင်းက စာပေနှင့် စာကြည့်တိုက်ဌာနမှာ အမှုထမ်းချိန်က “အခြေပြကမ္ဘာ့သမိုင်း ဒုတိယတွဲ”ကို ပြုစုခဲ့တယ်။ “အရှေ့ဖျားကမ္ဘာ့သမိုင်း” စာအုပ်ကိုလည်း ပြုစုခဲ့တယ်။ တင့်တယ်ဟာ ရုပ်ရှင်လောကမှာလည်း ၁၉၅၄ ခုနှစ်က လာလုလုငေး၊ ၁၉၅၇-ခုနှစ်က ကျမအနုပညာသည်၊ ထား စတာတွေကို ဒါရိုက်တာ လုပ်ပြီး ရုပ်ရှင် ရိုက်ကူးခဲ့ တယ်။ ဖြေလျော့ခွေ၊ အကျော်အမော်၊ ဖိုးပြုံးချို ဇာတ်ကားတွေကိုလည်း ဇာတ်ညွှန်းတွေ ရေးခဲ့တယ်။ ပန်းရောင်၊ မြမန်းမေမျိုး မြတ်၊ ရွှေချစ်ငွေချစ်၊ လေရဟတ်နီ၊ အိုက်ဆင်ဟောင်ဝါ၊ မိုဗီဒစ်၊ လိုက်တော်မူသင့်ပါငဲ့၊ ကမ္ဘာ့ အရှေ့ဖျား နိုင်ငံများ ခေတ်သစ် သမိုင်းအခြေပြ။ ကမ္ဘာ့အရှေ့ဖျားနိုင်ငံများ မေးခွန်းငါးဆယ် အဖြေလွယ်၊ လျှပ်စစ်ရာဇဝင်၊ မွေအဏ္ဏဝါ၏ လျှို့ဝှက်ချက်များ၊ မြစ်တို့၏ သဘာဝသမိုင်း စာအုပ်တွေလည်း ရေးသားခဲ့တယ်။
''တင့်တယ်၏ ဘဝခရီးလမ်းကို Graph ခေါ် သရုပ်ပြ မျဉ်းကြောင်းဆွဲမည်ဆိုပါက
အတက်မြင့်မြင့်၊ အကျကြမ်းကြမ်းကို တွေ့ရပေမည်။ သူသည် တင့်တယ်ဟု
နာမည်ကြီးလျက် လူကြိုက်အများဆုံး မြန်မာပြည်၏ ထိပ်သီးစာရေးဆရာဖြစ်ခဲ့၏။
ထို့နောက်အင်္ဂလန်ရှိ ဘီဘီစီတွင် အလုပ်လုပ်၍ လေးနှစ်နေခဲ့၏။ ကိုယ်ပိုင်ကား စီးခဲ့၏။
ပုံနှိပ်စက် ပိုင်ဆိုင်ခဲ့ဖူး၏။ သို့ရာတွင် ပစ္စည်းဥစ္စာကို မက်မောသူမဟုတ်၊ ငွေကြေးကို မခင်တွယ်၊
ရရသုံးသုံး သောက်သောက်စားစားနှင့် နောက်ဆုံးမှာ ရှိတာတွေကုန်၏'' (သော်တာဆွေ)
ဒါကတော့ တင့်တယ်ရဲ့ ရေးဖော်ရေးဖက် ဆရာကြီးသော်တာဆွေက သူ့ရဲ့ ကျွန်တော့်ဘဝ ဇာတ်ကြောင်းစာအုပ်မှာ ရေးထား ခဲ့တာပါ။
“တင့်တယ် ကွယ်လွန် ၄၁ နှစ်”
တင့်တယ်ဟာ ၁၉၅၈ ခုနှစ်က ပျိုတို့အချစ်တော် ဝတ္ထုနဲ့ စာပေဗိမာန် ဘာသာပြန်ဆု ရရှိခဲ့ပါသေးတယ်။ ၂၀၁၇ ခုနှစ်ကလည်း တင့်တယ် ရာပြည့်ကို ကျင်းပခဲ့ကြပြီး ဖြစ်ပါတယ်။ အခု ၂၀၂၁ ခုနှစ်ဆို တင့်တယ် ၁၀၄ နှစ်ပေါ့။ ဒါပေမဲ့ ၁၉၈၀ ပြည့်နှစ်၊ ဇန်နဝါရီ (၄)ရက်နေ့ မွန်းလွဲ ၃ နာရီ ၄၆ မိနစ်က ရန်ကုန်မြို့မှာ ဆရာတင့်တယ် ကွယ်လွန်ခဲ့ပါတယ်။ အခု ၂၀၂၁ ခုနှစ် လွတ်လပ်ရေးနေ့ ဇန်နဝါရီ ၄ ရက်မှာ ဆရာကြီးတင့်တယ် ကွယ်လွန်ခဲ့တာ ၄၁ နှစ် ပြည့်ပါပြီ။ တင့်တယ်ဟာ ဝတ္ထုခေတ် တခေတ်ကို ပိုင်ခဲ့သူပါ။ သူ့ခေတ်မှာ ရောင်းရအကောင်းဆုံး စာအုပ်တွေရေးခဲ့သူပါ။ ဆရာကြီး ဒဂုန်တာရာက ဆိုရင် နှုတ်ခမ်းနီမလေးတို့ရဲ့ အသဲစွဲ စာရေးဆရာလို့တောင် ဆိုခဲ့ပါတယ်။ သူ့ကလောင်ခွဲ ၄၀ ကျော်နဲ့ ကလောင်နာမည်ပေါကြွယ် တင့်တင့်တယ်တယ် စာရေးဆရာကြီးလို့ ပြောနိုင်တာပေါ့။ နောက်ဆုံးအနေနဲ့ ပြောရမှာက ဆရာကြီးတင့်တယ် ဟာဖြင့် နောင်လာနောက်သားတွေ အတွက် သူ့ရဲ့ ဝတ္ထုတိုရှည်၊ ဆောင်းပါး၊ စာပေ၊ ဗဟုသုတ၊ ရုပ်ရှင်စတဲ့ အနုပညာ လက်ရာမွန် တွေ ကို အကောင်းဆုံး ချန်ထားရစ် နိုင်ခဲ့သူဖြစ်တာပါဗျာ။ ။
မောင်တူး