Homeမြန်မာသတင်း
ဧရာဝတီတိုင်းလွှတ်တော် ၅ နှစ်အတွင်း အဆိုမေးခွန်းများ၏ ၅၀ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်
ဧရာဝတီတိုင်းလွှတ်တော် ၅ နှစ်အတွင်း အဆိုမေးခွန်းများ၏ ၅၀ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်
DVB
·
January 4, 2021
ပြီးခဲ့တဲ့ ၂၀၁၅ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အနေနဲ့ အဆို မေးခွန်းတွေရဲ့ ၅၀ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
ကိုယ်စားလှယ်တွေ တင်ပြလာတဲ့ အဆိုမေးခွန်းတွေကို အစိုးရအနေနဲ့ ဆောင်ရွက်ဖို့ ကတိပြုထားတဲ့ ၅၀ ရာခိုင်နှုန်းသာ ဆောင်ရွက်နိုင်ခဲ့တယ်လို့ ဇန်နဝါရီ ၂ ရက်နေ့ကပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ လွှတ်တော်ဥက္ကဋ္ဌ ဦးအောင်ကျော်ခိုင်က ပြောဆိုခဲ့ပါတယ်။
“နောက်အကြိမ်ခေါ်မယ့် အစည်းဝေးမှာ ကတိကဝတ်ကော်မတီကနေ အစီရင်ခံစာတင်ဖို့ ရှိပါမယ်၊ အဲဒီမှာ အားလုံးပါပါမယ်။ ကျနော် အကြမ်းဖျင်းပြောလို့ရတာကတော့ ကတိကဝတ် က ၅၀ ရာခိုင်နှုန်းတောင် မပြည့်ဘူး သိထားပါတယ်” လို့ပြောပါတယ်။
ကတိကဝတ်ကို လုပ်ဆောင်ပြီးတာ ၅၀ ရာခိုင်နှုန်းလောက်သာ ရှိသေးပြီး ၅ နှစ်တာ သက်တမ်းကာလ ဆောင်ရွက်ခဲ့မှု အပြည့်အစုံကို လာမယ့် ဇန်နဝါရီ ၁၄ ရက်နေ့ ပြုလုပ်မယ့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းသွားဖို့ စီစဉ်ထားတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းဒေသကြီးလွှတ်တော်အနေနဲ့ ၅ နှစ်တာသက်တမ်းအတွင်း ကတိကဝတ်ဖြစ်ခဲ့တဲ့ ကြယ်ပွင့်ပြမေးခွန်း ၅၁၇ ခု၊ ကြယ်ပွင့်မပြမေးခွန်း ၇၈ ခု၊ အဆိုတင်သွင်းမှု ၄၂ ခုရှိခဲ့တယ်လို့ သိရပါတယ်။
အဲဒီကတိကဝတ်တွေထဲက ကြယ်ပွင့်ပြမေးခွန်း ၂၈၆ ခု၊ ကြယ်ပွင့်မပြမေးခွန်းအခု ၄၀၊ အဆိုတင်သွင်းမှု ၆ ခုသာ ဆောင်ရွက်နိုင်ခဲ့တာလို့ လွှတ်တော်မှတ်တမ်းတွေအရ သိရပါတယ်။
သတင်း - မင်းထက်မုန်း (ပုသိမ်)