မကွေးတိုင်းတွင် ထွေအုပ်ဝန်ထမ်းတစ်ဦးအပါအဝင် ကိုဗစ်-၁၉ လူနာသစ် ၂၈ ဦး တွေ့ရှိ
DVB
·
January 2, 2021
မကွေးတိုင်းမှာ ဇန်နဝါရီလ ၂ ရက်နေ့ မနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတစ်ယောက်အပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာသစ် ၂၈ ယောက် ထပ်မံတွေ့ရှိခဲ့တယ်လို့ မြို့နယ်အုပ်ချုပ်ရေးမှူးက ပြောပါတယ်။
မကွေးမြို့နယ် သမန်းတောကျေးရွာအုပ်စု ရပ်ကျေးစာရေး တစ်ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိခဲ့တာဖြစ်ပြီး မကွေးမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းတွေအနေနဲ့ ပထမဦးဆုံး ကူးစက်ခံရတာလို့ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးသက်လွင်က ပြောပါတယ်။
ပိုးတွေ့လူနာတွေကတော့ အောင်လံမြို့နယ်က ၉ ယောက်၊ မြို့သစ်မြို့နယ်က ၄ ယောက်၊ နတ်မောက်မြို့နယ်က ၃ ယောက်၊ ပခုက္ကူမြို့နယ်က ၃ ယောက်၊ ဂန့်ဂေါမြို့နယ်က ၃ ယောက်၊ မကွေးမြို့နယ်က ၂ ယောက်၊ ဆိပ်ဖြူမြို့နယ်က ၂ ယောက်၊ ချောက်မြို့နယ်က ၁ ယောက်နဲ့ မင်းလှမြို့နယ်က ၁ ယောက်မှာ ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိခဲ့တာလို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာန လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာခင်မောင်သန်းက ပြောပါတယ်။
အဲဒီအတည်ပြုလူနာတွေဟာ ကိုဗစ်-၁၉ ရောဂါပိုးရှိသူနဲ့ ထိစပ်ခဲ့တဲ့သူတွေနဲ့ ရန်ကုန်၊ မန္တလေးနဲ့ ရခိုင်ပြည်နယ်က ပြန်လာသူတွေဖြစ်တယ်လို့ ဆိုပါတယ်။
မကွေးတိုင်းဒေသကြီးအတွင်းမှာ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၅၅၆ ယောက်ထိရှိလာပြီး သေဆုံသူကတော့ ၇ ယောက်ရှိတယ်လို့ တိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
သတင်း-မင်းထီး