Home
မြန်မာသတင်း
လွတ်မြောက်လာသည့် အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို ရခိုင်ပြည်နယ်အစိုးရထံ လွှဲပေး 
DVB
·
January 1, 2021
RK7
RK5
RK6
RK4
RK3
RK2
RK
အေအေအဖွဲ့က ပြန်လွှတ်ပေးလိုက်တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တောင်ကုတ်မြို့နယ်၊ လွှတ်တော်ကိုယ်စားလှယ် ၃ ယောက်ကို တပ်မတော်က ရခိုင်ပြည်နယ်အစိုးရအဖွဲ့ ထံလွှဲပြောင်းပေးလိုက်ပါတယ်။ ပြန်လွတ်လာတဲ့ အန်အယ်လ်ဒီ လွှတ်တော်ကိုယ်စားလှယ် ၃ ဦးကို စစ်တွေမြို့သို့ တပ်မတော်ရဟတ်ယာဉ်နဲ့ခေါ်ဆောင် ပေးခဲ့ပြီး အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူး ဗိုလ်ချုပ် ထင်လတ်ဦးနဲ့ အဖွဲ့က လွှဲပြောင်းပေးအပ်ရာ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပုနဲ့  အဖွဲ့ဝင်တွေက လက်ခံခဲ့တယ်လို့ တပ်မတော်က သတင်းထုတ်ပြန်ပါတယ်။ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်နီနီမေမြင့်၊ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးမင်းအောင်နဲ့ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း  ဒေါ်ချစ်ချစ်ချောတို့ ၃ ဦးဟာ တောင်ကုတ်မြို့နယ် အတွင်းမဲဆွယ် စည်းရုံးရေး လုပ်ငန်းတွေဆောင်ရွက်ရာမှာ ပြီးခဲ့တဲ့  အောက်တိုဘာ ၁၄ ရက်နေ့က အေအေအဖွဲ့ရဲ့ ဖမ်းဆီးခြင်း ခံခဲ့ရတာပါ။ အဖမ်းခံရပြီး နှစ်လကျော်အကြာမှာတော့ တပ်မတော်နှင့်  အေအေအဖွဲ့တို့ အွန်လိုင်းကနေ  တွေ့ဆုံဆွေးနွေးမှုရလဒ်ရ ဒီနေ့မနက်က ပြန်လည် လွတ်မြောက်လာတာဖြစ်ပြီး တိုက်ပွဲအတွင်းဖမ်းမိထားတဲ့ တပ်မတော်သား ၃ ယောက်ကိုလည်း အေအေအဖွဲ့က ဒီနေ့ ပြန်လွှတ်ပေးလိုက်ပါတယ်။ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးညီပု က လွှတ်တော်ကိုယ်စားလှယ်တွေ ပြန်လည်လွတ်မြောက်လာရေး၊ ပြန်လည်လွှဲပြောင်းပေးအပ်နိုင်ရေးအတွက် ပါဝင် ဆောင်ရွက်ပေးခဲ့သောအဖွဲ့အစည်းများအားလုံးကို ကျေးဇူးတင်ကြောင်းပြောကြားခဲ့တယ်လို့ သိရပါတယ်။ ပြန်လွတ်လာတဲ့ လွှတ်တော်ကိုယ်စားလှယ်သုံးဦးကို တပ်မတော်ဆေးဝန်ထမ်း တပ်ဖွဲ့ဝင်တွေက  ကျန်းမာရေးဆေးစစ်ပေးခဲ့ပြီး အားလုံး ကျန်းမာရေး ကောင်းမွန်သလို ကိုဗစ်-၁၉  ရောဂါပိုးကင်းရှင်းတယ်လို့လည်း တပ်မတော်သတင်းမှာ ဖော်ပြပါတယ်။ ဓာတ်ပုံ-DSINFO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024