နှစ်သစ်ကူးကာလ ရွှေ့ပြောင်းမြန်မာလုပ်သားများ ထိုင်းနိုင်ငံမှ ပြန်လာနေ
DVB
·
January 1, 2021
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု ပြန်မြင့်တက်နေတဲ့ ထိုင်းနိုင်ငံမှာ ရွှေ့ပြောင်းမြန်မာလုပ်သား တွေကို နှစ်သစ်ကူးကာလ သွားလာကန့်သတ်မှု ပိတ်ပင်ထားပေမယ့် နေရပ်ပြန်သူတွေ ရှိနေဆဲဖြစ်ပါတယ်။
အလုပ်သမားတွေကို ဗိုင်းရပ်စ်ကူးစက်မှု မဖြစ်အောင်ဆိုပြီး တာခ်ခရိုင်အတွင်းမှာ ရှိနေတဲ့ ရွှေ့ပြောင်း မြန်မာအလုပ်သမားတွေ နေရာရွှေ့ အလုပ်လုပ်တာ၊ ပြောင်းရွှေ့တာနဲ့ ဒေသဖြတ်ကျော်ခြင်းတာတွေကို ဒီဇင်ဘာ ၂၉ ရက်မှ ၂၀၂၁ ဇန်နဝါရီလ ၃ ရက်အထိ ကန့်သတ် ပိတ်ပင်ထားပါတယ်။
ဒါ့အပြင် ဘန်ကောက်မှာ နေထိုင်တဲ့ မြန်မာအလုပ်သမားတွေ မြဝတီမြို့ တစ်ဘက်ကမ်း မဲဆောက်မြို့ကို မပြန်လာကြဖို့ မဲဆောက်အခြေစိုက် အလုပ်သမား သံအရာရှိ ဦးဝင်းသူကလည်း တိုက်တွန်းထားပါတယ်။
ဒါပေမဲ့ အထောက်အထား ပြည့်စုံတဲ့ ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေကတော့ နေရပ်ပြန်ဖို့ နယ်စပ်ဂိတ်တွေကို နေ့စဉ် ရောက်ရှိနေဆဲလို့ မြန်မာရွှေ့ပြောင်း အလုပ်သမား ပြည်တော်ပြန်ရေးကူညီပေးသူ ဦးအောင်ဇင်ဖြိုးက ပြောပါတယ်။
မဲဆောက်ရှိ ရောင်ခြည်ဦး အလုပ်သမားများအဖွဲ့မှ ကိုဟိန်းက “တာ့ခ်ခရိုင် မဟုတ်ဘဲ နယ်ကျော် ပြန်လာသူတွေကိုလည်းထုတ်ပြန်ထားတဲ့ ကြေညာချက်စာအတိုင်း ဖမ်းဆီးအရေးယူတာ၊ ဒဏ်ငွေနဲ့ ထောင်ဒဏ်အပြစ်ပေး အရေးယူနေပါတယ်။ ဒါကြောင့် ဒီနှစ်သစ်ကူးရက်မှာ ဘန်ကောက်က ပြန်လာသူ မရှိသလောက် နည်းပါးသွားပြီး မဲဆောက် မယ်လမတ် တာဆောင်းရမ်းမြို့ ဖုတ်ဖရမြို့ တွေကနေ ပြည်တော်ပြန်မယ့် ရွှေ့ပြောင်း အလုပ်သမားတွေက ပိုများတယ်”လို့ ပြောပါတယ်။
ကိုဗစ်ကာလအတွင်းမှာ နှစ်သစ်ကူးရက် မတိုင်ခင်က မြန်မာရွှေ့ပြောင်း အလုပ်သမားတွေ တရက်ကို ရာနဲ့ချီ နေရပ်ပြန် နေကြပြီး ခရီးသွားလာခွင့် ကန့်သတ်ပြီးတဲ့နောက်မှာတော့ နှစ်သစ်ကူး ရက်အတွင်း တရက်ကို ၄၀ ဝန်းကျင်လောက်ပဲ ရှိတယ်လို့ သိရပါတယ်။ ဒီကနေ့ ဇန်နဝါရီလ ၁ ရက်နေ့မှာတော့ နေရပ်ပြန်လာတဲ့ မြန်မာအလုပ်သမား ၇ ယောက် ရှိပါတယ်။
မြန်မာအလုပ်သမားတွေကို ကိုဗစ် စည်းမျဉ်းနဲ့အညီ နေရပ်ပြန်နိုင်ရေး ပြန်လည်ကြိုဆိုတဲ့ အစီအစဉ်အတိုင်း ချစ်ကြည်ရေးတံတား အမှတ် ၂ ကနေ ပြန်လည် ကြိုဆိုနေပြီး နေရပ်ပြန်ပို့ပေးနေပါတယ်။
ကိုဗစ်-၁၉ ရောဂါ ကူးစက်မှု မပြန့်ပွားအောင် ပိတ်ပင်ထားတဲ့ မြန်မာ-ထိုင်းချစ်ကြည်ရေး တံတားအမှတ် (၁) ကိုတော့ လုံခြုံရေးတင်းကြပ်ထားပြီး တံတားအောက်မှာ သံဆူးကြိုးအထပ်ထပ် ကာထားသလို တံတားကိုလည်း နှစ်နိုင်ငံ ပြည်သူတွေကို အသုံးပြုခွင့် မပေးသေးပါဘူး။
သတင်း - ဖိုးစီ