Home
မြန်မာသတင်း
မဲစာရင်းနှင့်ပတ်သက်၍ စိစစ်တွေ့ရှိချက် တပ်မတော် ထပ်မံထုတ်ပြန်
DVB
·
December 30, 2020
124228578_182733566803613_7181716212345252954_o
၂၀၂၀ အထွေထွေရွေးကောက်ပွဲအပြီး ၂ လနီးပါးရှိလာချိန်မှာ  မဲဆန္ဒရှင်စာရင်းနဲ့ ပတ်သက်ပြီး စိစစ်တွေ့ရှိချက်တွေကို တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဒီဇင်ဘာ ၂၉ ရက် ညမှာ တတိယအကြိမ် ထပ်မံ ထုတ်ပြန်လိုက်ပါတယ်။  ရွေးကောက်ပွဲမှာတပ်မတော်သားတွေ မဲပေးခဲ့တဲ့ မြို့နယ်တွေက မဲစာရင်းတွေကို တပ်မတော်က စိစစ်နေတာမှာ ပုဗ္ဗသိရိ၊ ဥတ္တရသီရိ၊ ပျဉ်းမနားနဲ့ တံတားဦး မြို့နယ် ၄ မြို့နယ်မှာ ထပ်နေတဲ့မဲစာရင်းနဲ့ မဲ မသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းစုစုပေါင်း ၅၄,၀၀၀ ကျော်တွေ့ ရတယ်လို့ တပ်မတော်ထုတ်ပြန်ချက်အရသိရပါတယ်။ စိစစ်တွေ့ရှိချက်အရ ပုဗ္ဗသိရိမြို့နယ်မှာ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၉၈,၀၇၇ ယောက်နဲ့ တပ်မတော်က စိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) မှာ ၉၈,၀၇၇ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၁,၈၁၀ ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၇,၈၈၉  ခုနဲ့ စုစုပေါင်း ၉,၆၉၉  ခုရှိခဲ့တယ်လို့ ဆိုပါတယ်။ ဥတ္တရသီရိမြို့နယ်တော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၅၈,၆၄၉ ယောက်နဲ့ တပ်မတော်က စိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) မှာ ၅၈,၆၆၆ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၁,၀၅၀  ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၇,၃၅၈  ခုနဲ့ စုစုပေါင်း ၈,၄၀၈  ခုရှိခဲ့တယ်လို့ ဆိုပါတယ်။ ပျဉ်းမနားမြို့နယ်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၁၃၈,၃၅၆ ယောက်နဲ့ တပ်မတော်က စိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) မှာ ၁၃၂,၄၅၂ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၂,၉၈၄ ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၁၅,၅၂၀  ခုနဲ့ စုစုပေါင်း ၁၈,၅၀၄ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။ တံတားဦးမြို့နယ်မှာတော့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) ရဲ့ မဲရလဒ်ထုတ်ပြန်ချက်အရ ဆန္ဒမဲပေးခွင့်ရှိသူ ၁၁၅,၂၃၂ ယောက်နဲ့ တပ်မတော်က စိစစ်ထားတဲ့ ဆန္ဒမဲပေးခွင့်ရှိသူစာရင်း (ပုံစံ-၁) မှာ ၁၁၃,၄၁၂ ယောက်ဖြစ်ပြီး တကြိမ်ထက်ပိုပြီး မဲပေးပိုင်ခွင့် ရစေနိုင်တဲ့ ထပ်နေတဲ့ မဲစာရင်းအရေအတွက် ၅,၂၂၃ ခု၊ မဲမသမာမှု ဖြစ်နိုင်တဲ့ မဲစာရင်း အရေအတွက် ၁၂,၂၂၅  ခုနဲ့ စုစုပေါင်း ၁၇,၄၄၈ ခုရှိခဲ့တယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဒီဇင်ဘာ ၂၇ ရက်နေ့ကလည်း မြစ်ကြီးနား၊ လယ်ဝေးနဲ့ စေတုတ္တရာ မြို့နယ် ၃ ခုမှာ ထပ်နေတဲ့မဲစာရင်းနဲ့ မသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းပေါင်း ၆၀,၀၀၀ ကျော်တွေ့ရတယ်လို့ တပ်မတော်ကထုတ်ပြန်ခဲ့သလို ဒီဇင်ဘာ ၂၃ ရက်ကလည်း အောင်မြေသာဇံ၊ ရမည်းသင်း၊ ပျော်ဘွယ်နဲ့ တနိုင်းမြို့နယ် ၄ ခုမှာ ထပ်နေတဲ့မဲစာရင်းနဲ့ မသမာမှုဖြစ်နိုင်တဲ့ မဲစာရင်းပေါင်း ၇၀,၀၀၀ ကျော်တွေ့ရတယ်လို့ ထုတ်ပြန်ထားပါတယ်။  ဒီမဲစာရင်းတွေဟာ တရားမဝင် အွန်လိုင်းက အချက်အလက်တွေ ရယူထားတာမဟုတ်ဘဲ ခိုင်မာတဲ့ အရင်းအမြစ်တွေက ရတဲ့မဲစာရင်း ပုံစံ ၁ တွေကို စိစစ်ထားတာလို့ တပ်မတော်ကဆိုပါတယ်။ ဒါပေမဲ့ ဘယ်လို ခိုင်မာတဲ့ အရင်းအမြစ်တွေက ရတဲ့မဲစာရင်းလဲဆိုတာကိုတော့ ထုတ်ဖော်ပြောဆိုခြင်းမရှိပါဘူး။ ၂၀၂၀ ရွေးကောက်ပွဲနဲ့ ပတ်သက်တဲ့ စာရွက်စာတမ်းတွေကူးယူခွင့်ပြုရေး သက်ဆိုင်ရာ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်ကို ညွှန်ကြားပေးဖို့ တပ်မတော်က တောင်းဆိုထားတဲ့ အပေါ်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ညွှန်ကြားပေးနိုင်မှာမဟုတ်ဘူးလို့ ပြန်လည်တုံ့ပြန်ထားပါတယ်။  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲမှာ မသမာမှုတွေရှိခဲ့ရင် သက်ဆိုင်ရာကို အမှုဖွင့်တိုင်ကြားနိုင်တယ်လို့ ပြောထားသလို ရွေးကောက်ပွဲမကျင်းပခင်ကလည်း  မဲစာရင်းကို နှစ်ကြိမ်ကြေညာကပ်ထားပေးခဲ့ပြီး မှားယွင်းမှုတွေရှိပါက လာရောက်ပြင်ဆင်ကြဖို့လည်း တိုက်တွန်း နှိုးဆော်ခဲ့ပါတယ်။  ပြီးခဲ့တဲ့  ၂၀၁၀  ရွေးကောက်ပွဲနဲ့ ၂၀၁၅ ရွေးကောက်ပွဲတွေတုန်းကလည်း မဲစာရင်း မှားယွင်းမှုတွေ ၊ သေဆုံးသွားသူတွေ မဲစာရင်းမှာပါနေတာတွေရှိခဲ့ပေမဲ့  တပ်မတော်က အခုလို စိစစ် ထုတ်ပြန်တာမရှိခဲ့ပါဘူး။ PHOTO-DSINFO
Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024