ဘားအံဆေးရုံကြီးတွင် ကိုဗစ်လူနာများအတွက် အောက်ဆီဂျင် လိုအပ်နေ
DVB
·
December 25, 2020
ဘားအံပြည်သူ့ဆေးရုံကြီးမှာ တက်ရောက်ဆေးကုသမှုခံယူနေတဲ့ ကိုဗစ်-၁၉ အရေးပေါ်လူနာတွေအတွက် ဘားအံဆေးရုံကြီးကနေ ထုတ်ယူတဲ့ အောက်ဆီဂျင်နဲ့ လုံလောက်မှုမရှိဘူးလို့ ဘားအံဆေးရုံအုပ်ကြီးက ဒီဗွီဘီကို ပြောပါတယ်။
အရေးပေါ်လူနာတွေဟာ ရောဂါအခြေအနေ ဆိုးဝါးတဲ့အတွက် အောက်ဆီဂျင်အများကြီးရှူနေရတာဖြစ်လို့ အောက်စီဂျင် လိုအပ်ချက်တွေရှိတယ်လို့ ဆိုပါတယ်။
ဘားအံပြည်သူဆေးရုံကြီး၊ ဆေးရုံအုပ်ကြီး ဒေါက်တာ ဘရန်အောင်က “Positive လူနာအားလုံးပေါင်း ၃၀ ရှိတယ်။ အောက်စီဂျင်ပေးနေရတဲ့ လူနာက ၃၊ ၄ ဦးရှိတယ်။ ဘားအံဆေးရုံကြီးမှာရှိတဲ့ အောက်စီဂျင်စက်ကနေ ထုတ်ပေးတာနဲ့ မလုံလောက်ဘူး” လို့ ပြောပါတယ်။
ဘားအံဆေးရုံကြီး အောက်ဆီဂျင်ပလန့်ကနေ ထုတ်ယူရရှိတဲ့ ၄၀ လီတာအိုး တစ်ရက် အလုံး ၃၀ လောက်နဲ့ မလုံလောက်တဲ့အတွက် လူမှုကူညီရေးအသင်းတွေက တစ်ရက်အလုံး ၂၀ လောက် ကူညီပံ့ပိုးမှုတွေရှိတယ်လို့ ဆိုပါတယ်။
ဘားအံဆေးရုံကြီး သီးသန့်လူနာထားရှိတဲ့အဆောင်မှာ ကိုဗစ်-၁၉ လူနာတွေကို ကုသမှုပေးနေပြီး အောက်စီဂျင်စက်အကူအညီနဲ့ အသက်ဆက်ထားရသူတွေ၊ ရောဂါပြင်းထန်ပြီး ကွယ်လွန်သူတွေလည်း ရှိပါတယ်။
အောက်ဆီဂျင်လိုအပ်ချက်ကို ပြည်နယ်အစိုးရနဲ့ အလှူရှင် ဝိသာခါဖောင်ဒေးရှင်း (ရန်ကုန်) တို့ ပူးပေါင်းပြီး အောင်စီဂျင်ပလန့်စက်အသစ်ကနေ မတ်လကုန်မှာ စတင်ထုတ်ယူသုံးစွဲနိုင်အောင် စီစဉ်ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူကပြောပါတယ်။
ဘားအံမြို့နယ်အတွင်း စောင့်ကြည့်လူနာတွေကို မူးယစ်ဆေးဖြတ်စခန်း၊ ဘားအံတက္ကသိုလ်၊ စံဖရီးတန်ဖိုးနည်းအိမ်ရာ၊ ကွန်ပျူတာတက္ကသိုလ်၊ နည်းပညာတက္ကသိုလ်တွေမှာ Facility Quarantine စင်တာဖွင့်လှစ်ထားရှိပြီး စောင့်ကြည့်လူနာ ၃၀၀ နီးပါးရှိပါတယ်။
ကရင်ပြည်နယ်အတွင်း ရောဂါစတင်ဖြစ်ပွားခဲ့တဲ့ မတ်လကစတင်ပြီး ပြည်နယ်တွင်းနေထိုင်သူ ရောဂါပိုးတွေ့ရှိသူ ၁၁၀၀ နီးပါးနဲ့ တခြားပြည်နယ်နဲ့တိုင်းဒေသကြီးတွေက လာရောက်သူတွေဆီက ပိုးတွေ့ရှိသူ ၁၀၀ နီးပါးရှိတယ်လို့ ကရင်ပြည်နယ် ကျန်းမာရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက ပြောပါတယ်။
ပြည်နယ်အတွင်း မြို့နယ် ၇ နယ်မြိုနယ်က စောင်ကြည့်စင်တာတွေမှာ စောင့်ကြည့်လူနာက ၃၀၀၀ နီးပါးရှိတယ်လို့ ဆိုပါတယ်။
ရဲမင်းခေါင်