အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကဆိုပြီး လိမ်လည်ငွေတောင်းသူကို ထောင်ဒဏ် ၃ နှစ်ချ
DVB
·
December 25, 2020
အဂတိလိုက်စားမှုတိုက်ဖျက်ရေးအဖွဲ့ကလို့ လိမ်လည်ပြီး ဦးစီးဌာနမှူး ၂ ယောက်ဆီကနေ ငွေတောင်းခဲ့သူကို ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။
လွှတ်တော်ပြင်ပ အဂတိလိုက်စားမှု တိုက်ဖျက်ရေးနဲ့ ပြည်သူ့ဘဝ မြှင့်တင်ရေးအဖွဲ့ဝင်ဖြစ်ခဲ့သူ ရန်ကုန်တိုင်း မြောက်ဥက္ကလာပမြို့နယ်နေ ဦးမင်းသူဟာ ညောင်တုန်းမြို့နယ်ထဲက ဦးစီးဌာနမှူး ၂ ယောက်ကို ဆက်သွယ်ပြီး သူတို့နဲ့ ပတ်သက်တဲ့ တိုင်စာ အမှုတွဲတွေရောက်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။
သူဟာ အဂတိကော်မရှင်က အတွင်းရေးမှူးဖြစ်ပြီး တိုင်စာကိစ္စတွေကို ကူညီဆောင်ရွက် ပေးနိုင်တယ်လို့ ပြောဆိုပြီး အဲဒီဝန်ထမ်း ၂ ယောက်ဆီကနေ ကျပ်သိန်း ၃၀ ကို ခြောက်လှန့် တောင်းယူခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ကို တိုင်ကြားလာခဲ့တယ်လို့ ကော်မရှင်က ထုတ်ပြန်ပါတယ်။
တိုင်ကြားချက်အရ ဦးမင်းသူက လိမ်လည်ခြောက်လှန့်တောင်းယူခဲ့တာ စိစစ်တွေ့ရလို့ အဂတိ လိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က ညောင်တုန်းမြို့မရဲစခန်းမှာ ဖေဖော်ဝါရီ ၂၇ ရက်က ပထမသတင်းပေး တိုင်ချက်ဖွင့်ခဲ့ပါတယ်။
ဒီအမှုကို ညောင်တုန်း မြို့နယ်တရားရုံးက စစ်ဆေးပြီး ဒီဇင်ဘာ ၂၄ ရက်မှာ ပြည်သူ့ဝန်ထမ်း အယောင်ဆောင်မှု ရာဇသတ်ကြီးပုဒ်မ ၁၇၀ အရ ထောင်ဒဏ် ၁ နှစ်၊ ခြောက်လှန့်တောင်းယူမှု ရာဇသတ် ကြီးပုဒ်မ ၃၈၄ အရ ထောင်ဒဏ် ၂ နှစ် တို့ကို သီးခြားစီကျခံစေဖို့ ပြစ်ဒဏ်ချမှတ်လိုက်ပါတယ်။