မြဝတီမြို့ ရဲစခန်းက အချုပ်သား ၈ ဦး ကိုဗစ်ပိုးတွေ့ရှိ
DVB
·
December 19, 2020
ကရင်ပြည်နယ် မြဝတီမြို့ရဲစခန်းက ပြစ်မှုကျူးလွန်သူတွေထားတဲ့ အချုပ်ခန်းက အချုပ်သား ၈ ဦးမှာ ဒီဇင်ဘာ ၁၉ ရက်နေ့က ကိုဗစ်-၁၉ ရောဂါပိုး တွေ့ရှိတယ်လို့ ရဲစခန်းက သိရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် မြဝတီမြို့မရဲစခန်းမှာ ပြစ်မှုကျူးလွန်သူအချုပ်ခန်းမှာ ၂၀၀ ကျော်ရှိတယ်လို့ သိရပါတယ်။
ဒီဇင်ဘာ ၁၁ ရက်နေ့ မြဝတီမြို့မရဲစခန်းက ရဲတပ်သား နှစ်ဦး ကိုဗစ်ပိုးပိုးတွေ့ရှိနောက်ပိုင်း ရဲစခန်းတွင်း ရဲသားနဲ့ အချုပ်သားတွေကို ကိုဗစ်ပိုးရှိမရှိ စစ်ဆေးနေတာဖြစ်ပြီး ဒီဇင်ဘာလ ၁၉ ရက်နေ့မှာ အချုပ်သား ၈ ဦး ကိုဗစ် ပိုးတွေ့ရှိခဲ့တာပါ။
ကျန်အချုပ်သားတွေကိုလည်း ဆက်လက်စစ်ဆေးနေပြီး ရဲစခန်း၊ အချုပ်ခန်းနဲ့ မိသားစု အိမ်ရာတွေကို ပိုးသတ်ဆေးဖျန်းခဲ့တယ်လို့ သိရပါတယ်။
မြဝတီမြို့မှာ ဒီဇင်ဘာ ၁၈ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၃၃၄ ဦးနဲ့ သေဆုံးသူ ၁ ဦး ရှိပြီး ကရင်ပြည်နယ်တခုလုံးမှာတော့ အတည်ပြုလူနာ ၁၁၈၀ ကျော်နဲ့ သေဆုံးသူ ၁၃ ဦး ရှိပြီလို့ ပြည်နယ်ကျန်းမာရေးဦးစီးဌာနရဲ့ ထုတ်ပြန်ချက်အရ သိရပါတယ်။